ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာ တိုက်ပွဲပြင်းထန်
2024.10.23
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နဲ့ မိုင်နှစ်ဆယ်ခန့်အကွာမှာရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဂန့်ကော်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အောက်တိုဘာလ ၂၃ ရက်နေ့အထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂန့်ကော်ရွာအနီး တိုက်ပွဲကြောင့် နောင်ချိုမြို့နယ်ကနေ မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာ၊ သပိတ်ကျင်းမြို့တွေကို အဓိကဆက်သွယ်ထားတဲ့ အုမ္မသီးလမ်းခွဲ နေရာအထိ တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲဖြစ်နေတာက ဂန့်ကော်ရွာနားမှာ ဖြစ်နေတာ။ လက်နက်ကြီးပစ်တဲ့အသံတွေ ကြားနေရတယ်။ ဟိုခိုရွာဘက်ရော၊ အုမ္မသီးလမ်းခွဲဘက်ရော တိုက်ပွဲ ဆက်ဖြစ်မဲ့ သဘောရှိတယ်"
TNLA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ ဂန့်ကော်ရွာ စာသင်ကျောင်းနေရာမှာ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်နေတဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းနေရာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီး ၁၈ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာနောင်ချိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေဖြစ်နတာလို့ TNLA က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နောင်ချိုမြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်ကလည်း နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ တောင်ခမ်းရွာနဲ့ ပြင်ဦးလွင်မြို့တွေဘက်ကနေ ပြန်လည်ထိုးစစ်ဆင်နေတာပါ။
တိုက်ပွဲကြောင့် ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းက ဝက်ဝံစစ်ဆေးရေးဂိတ်ကနေ ခရီးသည်နဲ့ ကုန်စည်သယ်ဆောင်ခွင့်ကို စစ်ကောင်စီဘက်က ပိတ်ဆို့ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။