၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ကယားပြည်နယ် ဖရူဆို-ဘောလခဲ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က လေးဆယ်ကျော်သေဆုံးပြီး KNDF ဘက်က လေးဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာလ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖရူဆိုမြို့နယ် အမှတ် (၁၄) တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးကျောင်းကနေ ဘောလခဲမြို့ဘက်ကို ရိက္ခာပို့မယ့် စစ်ကောင်စီတပ် ရိက္ခာယာဉ် အစီးခုနစ်ဆယ်ကျော်ကို ကြားဖြတ်တိုက်ခိုက်တာအပါအဝင် ထိတွေ့တိုက်ပွဲပေါင်း အကြိမ် (၃၀) ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း ခြေလျင်စစ်ကြောင်းခြောက်ခုနဲ့ပါ ထိုးစစ်ဆင်ခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်မှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာပို့ယာဉ် အစီးလေးဆယ်ဟာ ဘောလခဲမြို့ကိုရောက်ခဲ့တယ်လို့ KNDF က ပြောပါတယ်။
နောက်ထပ် စစ်ကောင်စီတပ် ရိက္ခာယာဉ် အစီး သုံးဆယ်ကတော့ ဖရူဆို -ဘောလခဲ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်မှာပဲရှိနေပြီး တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ သေဆုံးတဲ့အရေအတွက်အပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အောက်တိုဘာလအတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး အရပ်သားခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အရပ်သားနဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့လည်း ဖြစ်ပါတယ်။