ကွတ်ခိုင်မြို့မှာ တိုက်ပွဲဖြစ်၊ တိုးဂိတ်ဝန်ထမ်းနှစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဗျူဟာတပ်စခန်းတစ်ခုကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဒီဇင်ဘာ ၁၈ ရက် မနေ့ညပိုင်းက ဝင်တိုက်ခဲ့ရာ ကွတ်ခိုင်မြို့အထွက် တိုးဂိတ်ထဲက ဝန်ထမ်း နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် ရပ်ကွက် (၁) မှာ ဆယ်မိနစ်ကျော်အကြာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ခဲ့ရင်း အဲဒီ တိုးဂိတ် ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့လို့ ကွတ်ခိုင် ဆေးရုံကို ပို့ပေးခဲ့တယ်လို့ ပရဟိတအသင်း တစ်ခုက တာဝန်ရှိသူ တစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။

အသက်သုံးဆယ်အရွယ် အမျိုးသား နှစ်ဦးဖြစ်ပြီး တစ်ဦးက ကျောကုန်းနဲ့ နောက်တစ်ဦး ကတော့ ပေါင်နဲ့ ခြေထောက်မှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရထားတာလို့ ပြောပါတယ်။

ညဘက်မှောင်နေတဲ့အချိန်မှာ တိုက်ပွဲဖြစ်နေတာကြောင့် စစ်ကောင်စီတပ်နဲ့ ဘယ်အဖွဲ့တို့ ပစ်ခတ်ကြတယ် ဆိုတာနဲ့ ထိခိုက်မှုအခြေအနေကို အတိအကျမသိရဘူးလို့ ရပ်ကွက် (၁) မှာနေထိုင်တဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲမှာ MNDAA ကိုးကန့်တပ်ဖွဲ့၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ တအာင်းပလောင် အမျိုးသားတပ်မတော် TNLA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားရာဒေသ ဖြစ်ပါတယ်။

၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွေတုန်းကလည်း အခုလိုပဲ ကွတ်ခိုင်စစ်ဗျူဟာ စခန်းရှိတဲ့ ရပ်ကွက် (၁) နေရာကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။