ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ရွာမှာ ဇူလိုင် ၄ ရက် ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် အရပ်သား တစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခု တိုက်ပွဲဖြစ်တဲ့နေရာဟာ (KIA) ဌာနချုပ် လိုင်ဇာနဲ့ ၆ မိုင်လောက်သာ ဝေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
(KIA) ဌာနချုပ် လိုင်ဇာကို လုံခြုံရေးယူထားတဲ့ (KIA) တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းကနေ ဖိတိုက်နေတယ်လို့ ပြောပါတယ်။
ဒီမနက် ၉ နာရီလောက်မှာ တိုက်ပွဲထပ်ဖြစ်လာတာကြောင့် နမ်ဆန်ယန်ရွာက အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုပါမကျန် အကုန်ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ ဒီနေ့မနက် ၉ နာရီလောက်ကနေ တိုက်ပွဲတွေ ပြန်ဖြစ်နေတာ၊ ရွာအောက်ဘက် တံတားနားမှာ ဖြစ်နေတာ။ ဒေသခံတွေကတော့ မနေ့ညကတည်းက အကုန် ထွက်ပြေးသွားကြပြီ။ ရွာမှာက သန်မာတဲ့ အမျိုးသားတွေလောက်ပဲ အခြေအနေ စောင့်ကြည့်ပြီး အိမ်စောင့်နေကြတယ်။ အသက်ကြီးတဲ့သူတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေကတော့ အကုန်ထွက်ပြေးသွားကြပြီ။”
၂၀၁၉ ခုနှစ် လူဦးရေစာရင်းအရ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာမှာ အိမ်ထောင်စု နှစ်ရာနဲ့ လူဦးရေ တစ်ထောင်ကျော် ရှိပါတယ်။ ဒီရွာက ဒေသခံတွေဟာ မြန်မာစစ်တပ်နဲ့ KIA ကြား ၂၀၁၁ ခုနှစ်ကဖြစ်ပွားတဲ့ တစ်ကျော့ပြန်တိုက်ပွဲတုန်းကလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ရွှေထွက်တဲ့ ဒေသဖြစ်တာကြောင့် အခုနောက်ပိုင်းမှာ အနယ်နယ်အရပ်ရပ်ကနေ ရွှေလာတူးသူ၊ စျေးလာရောင်းသူတွေနဲ့ ပြန်လည်စည်ကားလာခဲ့ပေမယ့် အခုတော့ တိုက်ပွဲကြောင့် ထပ်မံ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က နမ်ဆန်ယန်ကျေးရွာကို ထိန်းချုပ်ချင်လို့ ဆက်ပြီး ကြိုးစားလာရင် တိုက်ပွဲက ပိုပြင်းထန်လာလိမ့်မယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“တကယ်လို့ နမ်ဆန်ယန်ကို သူတို့ ထိန်းချုပ်ချင်တယ်ဆိုပြီး ပိုပြီး အားဖြည့်လာရင်တော့ တိုက်ပွဲက ဆက်ပြီးပြင်းထန်ဦးမယ်။ အဲလိုမဟုတ်ရင်တော့ သူတို့ လှုပ်ရှားတဲ့အချိန် ထိတွေ့တာလောက်ပဲဆိုရင်တော့ တိုက်ပွဲက မကြီးလောက်ဘူး။ တပ်ရင်း (၃) ဘက်မှာလည်း ဖြစ်နေတယ်။ ကျွန်တော်တို့ စခန်းဘက်ကို ထိုးလာလို့ ထိပ်တိုက်တိုက်ပွဲဖြစ်နေတာ”
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရဲ့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်ရဲထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
ဝိုင်းမော်မြို့နယ် လဂတ်ကောင်နဲ့ အင်ဝမ်ကောင် ကျေးရွာတွေအနီးကို စစ်ကောင်စီတပ်က ဇွန်လ ၂၅ ရက်ကစလို့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတာ ဒီနေ့ဆိုရင် ၁၀ ရက်ရှိပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။