ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က တော်ဝိကျေးရွာနဲ့ ကောက်မယ်သူကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ တိုက်ပွဲဖြစ်ပွားတဲ့အတွက် အရပ်သားတစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၁၄ ရက် နေ့လယ်ပိုင်းကစပြီး တိုက်ပွဲ ဖြစ်ပွားနေတာပါ။
ဇူလိုင်လ ၁၅ ရက်နေ့ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ရေးတင်းမာနေဆဲဖြစ်လို့ ဒေသခံတွေ နေရပ်မပြန်ရဲသေးဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့၊ အစ်ကိုတို့ မိသားစုက ညောင်လေးပင်မြို့ပေါ်အထိ ရှောင်တာပေါ့။ နေအိမ်တွေ ထိခိုက်တာလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ အတိအကျပြောဖို့တော့ မရသေးဘူးပေါ့။ အခုက တိုက်ပွဲက နားတာလား၊ မဖြစ်တော့တာလားမသိတော့ အကုန်လုံးက အိမ်ပြန်ချင်ပေမယ့် စောင့်ကြည့်နေရကြတယ်"
တော်ဝိကျေးရွာနဲ့ ကောက်မယ်သူကျေးရွာမှာ အိမ်ထောင်စု လေးရာကျော်ရှိပြီး လူဦးရေ တစ်ထောင်နီးပါး နေထိုင်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက စစ်ကောင်စီအပေါ် စစ်ရေးအရှိန်အဟုန်မြှင့်တင်မှာဖြစ်လို့ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပဲခူး-စစ်တောင်းလမ်း၊ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းတွေကို ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း ဖြတ်သန်းမသွားလာဖို့ ဇူလိုင်လ ၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေ အရ စစ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် ပဲခူးတိုင်းအတွင်း အရပ်သား တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။