အမ်းမြို့နယ်က တိုက်ပွဲတွေ မကွေးတိုင်းအထိ ရောက်လာ

RFA Burmese
2025.01.13
အမ်းမြို့နယ်က တိုက်ပွဲတွေ မကွေးတိုင်းအထိ ရောက်လာ အရှိုချင်း ကားကွယ်ရေးတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။
Facebook/ Asho Chin Defence Force - ACDF

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်းတောင်ကြားလမ်းက မကွေးတိုင်းဘက်အခြမ်းမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)၊ အရှိုချင်းကာကွယ်ရေးတပ် (CDF-Asho) ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင် အမ်း-ပဒါန်းလမ်း ရိုးမတောင်ကြားမှာရှိတဲ့ ဂုတ်ကြီး၊ စွန်တက်နဲ့ လင်းတဲ ရွာသုံးရွာကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်နေတယ်လို့ တိုက်ပွဲအခြေအနေကို သိရှိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဓိကက ဂုတ်ကြီးဘေးပတ်ဝန်းကျင်မှာ စွန်တက်နဲ့ လမ်းလေးဆိုတာ ရှိတယ်။ အဲဒီ သုံးခွဆုံမှာ တိုက်ပွဲဖြစ်နေတယ်။ အဲဒီရွာသုံးရွာက လူတွေက ထွက်ပြေးနေတယ်။ ပဒါန်းဘက်ကိုလည်း ဆင်းလို့မရဘူး။ ပြင်ဝဂိတ်က ပိတ်ထားပြီး ဆင်းခွင့်မပေးဘူး"

AA နဲ့ ပူးပေါင်းတပ်တွေက အမ်းတောင်ကြားလမ်းမှာရှိတဲ့ တောင်စောက်စခန်းကို ဇန်နဝါရီလ ၅ ရက်နေ့မှာ သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီက ငဖဲမြို့နယ်ထဲက ဂုတ်ကြီးရွာနားအထိ လက်နက်ကြီးတွေ၊ ကာကင်းစခန်းတွေနဲ့ အထိုင်ချပြီး ခုခံဖို့ ကြိုးစားနေတာလို့ သူက ပြောပါတယ်။

ဂုတ်ကြီးတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်တို့ကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA သိမ်းပိုက်ပြီးတဲ့နောက် အမ်းတောင်ကြားလမ်းအတိုင်း ပြန်လည်ထိုးစစ်ဆင်ဖို့ကိုလည်း စစ်ကောင်စီတပ်က ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေဟာ မကွေးတိုင်းနဲ့ ဧရာ၀တီတိုင်း အစွန်အဖျားမှာရှိတဲ့ ကျေးရွာတွေအထိ ရောက်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။