ဈေးနှုန်းထိန်းဖို့အတွက် ကုန်သည်တွေစုပြီး ပဲဝယ်ယူမှု စတင်


2017.10.12
bean-622 နိုင်ငံခြားကိုတင်ပို့ရောင်းချမယ့် မြန်မာ့ပဲတစ်မျိုးကို တွေ့ရစဉ်
Photo: RFA

ပဲဈေးနှုန်းကျဆင်းနေတာကို ထိန်းနိုင်ဖို့အတွက် ဒီကနေ့က စတင်ကာ ပဲကုန်သည်တွေစုစည်းပြီး မတ်ပဲနဲ့ ပဲစင်းငုံတွေကို နှုန်းထားသတ်မှတ်ပြီး ဝယ်ယူနေတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။

ပဲဈေးနှုန်းထိန်းနိုင်ဖို့ အစိုးရနဲ့ ကုန်သည်တွေရဲ့ ငွေကြေးတွေ တစ်ဝက်စီစုပေါင်းပြီး မြန်မာကျပ်ငွေ ဘီလီယံ ၁၀၀ မတည်ပြီး ပဲတွေဝယ်ယူဖို့ သဘောတူထားပေမယ့် အစိုးရဘက်က ငွေကြေးရရှိဖို့ အဆင့်ဆင့် တင်ပြနေ ဆဲဖြစ်တာကြောင့် လက်ရှိမှာ ကုန်သည်တွေရဲ့ စိုက်ထုတ်ငွေနဲ့ပဲ ဝယ်ယူနေတာ ဖြစ်တယ်လို့ ဦးမင်းကိုဦးက ပြောပါတယ်။

"ကုန်သည်ပိုင်းကနေပြီးတော့ မြန်မာကျပ်ငွေ ဘီလီယံ ၅ဝ နောက်အစိုးရဘက်ကနေ ကျပ်ငွေ ဘီလီယံ ၅ဝ ပေါ့၊ စိုးရဘက်က ဘီလီယံ ၅ဝ ကတော့ လက်ရှိကြိုးစားဆဲအဆင့်ပဲရှိသေးတယ်၊ ကုန်သည်ပိုင်းက ဘီလီယံ ၅ဝ က စုပြီး ဒီနေ့ကစပြီးဝယ်ပါတယ်"

မတ်ပဲတစ်တန်ကို ငွေကျပ် ၅ သိန်း၊ ပဲစင်းငုံတစ်တန်ကို ငွေကျပ် ၄ သိန်းဈေး နဲ့ ဒီကနေ့ စတင်ဝယ်ယူနေတာဖြစ် တယ်လို့  ပြောပါတယ်။

ပဲစင်းငုံ တန်ချိန် တစ်သောင်းနဲ့ မတ်ပဲ တန်ချိန် နှစ်သောင်း စတင်ဝယ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက စတင်ပြီး မြန်မာနိုင်ငံက ပဲတွေ အဓိကတင်ပို့နေတဲ့ အိန္ဒိယရဲ့ ပဲတင်သွင်းခွင့် မူဝါဒအပြောင်းအလဲကြောင့် ပြည်တွင်းမှာ ပဲဈေးနှုန်းတွေ ကျဆင်းနေတာဖြစ်ပါတယ်။

အရင်က မတ်ပဲ တစ်တန်ကို ၉ သိန်းနဲ့ ပဲစင်းငုံ တစ်တန်ကို ၈ သိန်းအထိ ရှိခဲ့ရာကနေ အခုလအတွင်းမှာ မတ်ပဲတစ်တန်ကို ၅ သိန်းအောက်နဲ့ ပဲစင်းငုံတစ်တန်ကို ၄ သိန်းအောက်အထိ ကျဆင်းလာတာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ ပဲကုန်သည်တွေအနေနဲ့ ထက်ဝက်လောက် အရှုံးပေါ်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။