ငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးမှုတားဆီးရေး BGF၊ DKBA နဲ့ လောင်းကစားရုံလုပ်ငန်းရှင်တွေ ဆွေးနွေး

RFA Burmese
2025.01.15
ငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးမှုတားဆီးရေး BGF၊ DKBA နဲ့ လောင်းကစားရုံလုပ်ငန်းရှင်တွေ ဆွေးနွေး ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က မြဝတီမြို့တွင် ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ခေါင်းဆာင်များနှင့် တရုတ်လောင်းကစားရုံလုပ်ငန်းရှင်များ တွေ့ဆုံကြစဉ်။
AEC อาเซียน News

ကရင်ပြည်နယ် မြဝတီမြို့အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ခေါင်းဆာင်တွေ နဲ့ တရုတ်လောင်းကစားရုံလုပ်ငန်းရှင်တွေ ဇန်နဝါရီ ၁၅ ရက်နေ့က BGF ဗဟိုကွပ်ကဲရေးရုံးမှာတွေ့ဆုံပြီး ငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးမှုကို တားဆီးဖို့ စည်းကမ်းချက် ငါးချက် ချမှတ်တင်းကျပ်သွားမယ်လို့ ဆုံးဖြတ်လိုက်ကြောင်း BGF နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

BGF တပ်ဖွဲ့နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တစ်ဦးက "BGF ဗိုလ်မုတ်သုန်ရဲ့ သောင်ရင်းမြစ်နားက(တစ်ဂိတ်) မှာ အစည်းအဝေးလုပ်တယ်၊ အဖွဲ့စုံ ပေါ့ DKBA ၊ BGF နဲ့ တရုတ်သူဌေး (ငွေလိမ်လုပ်ငန်းရှင်)တွေလည်း လူ ငါးဆယ်လောက်ခေါ်ထားတာပေါ့၊ အခုတစ်လောဖြစ်တဲ့ တရုတ်မင်းသားကိစ္စက ထိုင်းကလည်းဖိအားပေးတယ်၊ စစ်ကောင်စီနေ‌‌ပြည်တော်ကလည်း ဖိအားပေးတယ်၊ အဲဒါကြာင့် သူတို့ BGF နဲ့ DKBA ရဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေလုပ်တာ၊ တရုတ်ကျားဖြန့်တွေလုပ်တာကို စည်းကမ်းငါးချက်နဲ့ ကြပ်မတ်ဖို့အစည်းအဝေးလုပ်တာ" လို့ ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းက BGF၊ DKBA လက်နက်ကိုင်အဖွဲ့ဝင်တွေ၊ တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ လူကုန်ကူးပြီးရောင်းစားတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ ပြန်ပေးဆွဲပြီး ငွေအဆမတန်တောင်းတာ၊ ကလေးလုပ်သားခိုင်းစေတာ၊ အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လည်ဖို့ သွေးဆောင်ဖြားယောင်းတာတွေ မလုပ်ဖို့ စည်းကမ်းသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချက်တွေကို လိုက်နာဖို့ ပျက်ကွက်ရင် လုပ်ငန်းပိတ်သိမ်းပြီး တရားစွဲ အရေးယူခံရမယ့်အပြင် နယ်နှင်ခံရမှာဖြစ်တယ်လို့လည်း အဲဒီလုပ်ငန်းရှင်က ပြောပါတယ်။

အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အဖွဲ့ အစည်းတွေဘက်က သတင်းထုတ်ပြန်ပြောဆိုတာ မရှိသေးသလို မြဝတီမြို့ BGF လုံခြုံရေးနဲ့ စည်းကမ်းထိမ်းသိမ်းရေးတာဝန်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်နဲ့ DKBA တပ်ဖွဲ့ စစ်ဦးစီးတာဝန်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝ တို့ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းမဖြေပါဘူး။

လတ်တလောမှာတော့ မဲဆောက်၊ မယ်ရမတ်၊ ဖုဖရ၊ ဝေါလေ၊ တပ်ဆောင်ရမ်း ဒေသက ထိုင်း-မြန်မာနယ်စပ်နေရာတွေမှာ ထိုင်းစစ်တပ်နဲ့ ဒေသအခြေစိုက် ရပ်ကျေးလုံခြုံရေးအဖွဲ့၊ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေ အင်အားတိုးချထားပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်သွားလာတာတွေကို စောင့်ကြည့် စစ်ဆေးနေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။