ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ရှစ်ထောင်လောက် ပြန်ပို့ဖို့ BGF စီစဥ်
2025.02.12

ကရင်နယ်ခြားစောင့်တပ် (BGF) စိုးမိုးနယ်မြေတွေမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ရှစ်ထောင်လောက်ကို ပြန်ပို့ဖို့ စီစဥ်နေပါတယ်။
ပြန်ပို့မယ့်သူတွေမှာ အများစုက တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် က RFA ကို ပြောပါတယ်။
“များသောအားဖြင့်ကတော့ တရုတ်ပေါ့၊ ကျန်တဲ့နိုင်ငံသားတွေကတော့ ပြန်လည်လွှဲပြောင်းမယ့်နေ့မှ သတင်းထုတ်ပြန်လို့ရမယ်ခင်ဗျ၊ ခန့်မှန်း ခုနစ်ထောင်၊ ရှစ်ထောင်လောက်တော့ မှန်းထားတယ်၊ အဲထက်များ ရင်လည်းများသွားမယ်ပေါ့၊ ကျွန်တော်တို့က ရှိသလောက်ပြန်ပို့မှာ၊ စာရင်းဇယားပြုလုပ်နေပြီခင်ဗျ၊ လမ်းကြောင်းကတော့ ထိုင်းဘက်ကို ပို့မလား၊ ကျွန်တော်တို့ မြန်မာပြည်တွင်းထဲပဲ ပြန်ပို့မလား အဲဒီလိုတွေ ရှိတယ်၊ လက်ရှိက စာရင်းဇယားအရကတော့ ထိုင်းဗီဇာနဲ့ ဝင်လာတာများတော့ ထိုင်းဘက်ကိုပဲ ပြန်ပို့ရမှာပါပဲ“
ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ BGF ထိပ်ပိုင်းခေါင်းဆောင်တွေက အဖွဲ့ လေးဖွဲ့ပါတဲ့ ကျားဖြန့်၊ လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။
ကြီးကြပ်ရေးနဲ့ ပြန်လည်ပို့ဆောင်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီး စောဒိဒိ၊ ဒုတိယခေါင်းဆောင်အဖြစ် ဒုဗိုလ်မှူးကြီး စောကျောဖောတို့က တာဝန်ယူထားပြီး ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်အပါအဝင် အဖွဲ့ဝင် ငါးယောက်နဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် BGF စိုးမိုးနယ်မြေအလိုက် အဖွဲ့ ၁၊ ၂၊ ၃ ဆိုပြီး ၇ ယောက်စီပါတဲ့ နောက်ထပ်အဖွဲ့ သုံးဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်တယ်လို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် က ပြောပါတယ်။
အဲဒီအဖွဲ့တွေဟာ လူကုန်ကူးခံရတဲ့သူတွေကို ကယ်တင်ဖို့၊ နေရပ်ပြန်ပို့ဖို့၊ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ ဖော်ထုတ်ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်အပ်ဖို့ စတာတွေ ဆောင်ရွက်ကြမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေက ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးကို ခြိမ်းခြောက်နေပြီး ဒီလုပ်ငန်းတွေကို အမြစ်ဖြတ် ချေမှုန်းသွားမယ့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း သတိပေးထားပါတယ်။
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် သုံးယောက်ကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စီစဉ်နေချိန်မှာပဲ ကျားဖြန့်လုပ်ငန်းတွေ ပေါတဲ့ BGF နဲ့ DKBA ထိန်းချုပ်နယ်မြေတွေမှာ လူကုန်ကူးခံထားရသူတွေကို ထိုင်းနိုင်ငံကို လွှဲပြောင်းပေးဖို့ အဲဒီအဖွဲ့တွေက စီစဉ်နေတာပဲဖြစ်ပါတယ်။