ခရီးစဉ်ဟာ မိုင် ၁၂၀၀ ကျော် ရှည်လျားပြီး သီတင်းပါတ် (၄) ပတ်ကြာမယ်လို့ ခန့်မှန်းထားတဲ့ သူရဲ့စက်ဘီး ခရီးစဉ် တလျှောက်မှာ ပြင်သစ်၊ ဘယ်လဂျီယန်၊ ဟော်လန်နဲ့ ဂျာမဏီ စတဲ့ နိုင်ငံ တွေက မြို့ကြီးတွေကို ဖြတ်သန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို စက်ဘီး ခရီးရှည်နဲ့ မြန်မာနိုင်ငံရေးကို လူသိအောင် လုပ်ခွင့်ရတဲ့ အတွက် ကျေနပ်မိကြောင်း Miss Jag Dojkovski က သူ ညအိပ် ရပ်နားနေတဲ့ ဗြိတိန်နိုင်ငံ အရှေ့ဖက်ကမ်းခြေ အနီး New Haven မြို့ကနေ RFA ကို ပြောဆိုခဲ့ပါတယ်။ ကျမအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေကို အများသိအောင် လုပ်ဆောင်ရတဲ့ အပေါ်မှာ ကျေနပ် ပျော်ရွှင်မိပါတယ်။ အခု ကျမ လုပ်ဆောင်နေတာက မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မြောက်ရေးလည်း ပါပါတယ်၊ ဒါပေမဲ့ အဲဒီ အချက်တင်သာမက မြန်မာအရေး ဆောင်ရွက်နေကြတဲ့ Burma Campagin UK အတွက် ရန်ပုံငွေမြှင့်တင်ဖို့ ရည်ရွယ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ မနက်ဖြန်မှာ ပြင်သစ် နိုင်ငံကို ကူးတို့သင်္ဘောနဲ့ ကူးပြီးရင် ပဲရစ်မြို့တော် ဆီကို ဆက်လက်ပြီး စက်ဘီးနင်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ခရီးစဉ်တလျှောက်မှာ Burmese Campaign UK အဖွဲ့ နဲ့ Burma VJ အဖွဲ့ အမှတ်တံဆိပ်ပါတဲ့ တီရှပ် အကျီတွေကို တလှည့်စီ ဝတ်ဆင်သွားမယ်လို့ ဆိုပါတယ်။