(Updated: 11:25 pm- Oct 14, 2021)
အာဆီယံ အထူးကိုယ်စားလှယ် အာရီဝမ်ယူစွတ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့ လိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်နဲ့ အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) အာရီဝမ်ယူစွတ်တို့ အောက်တိုဘာ ၁၄ ရက် ဒီနေ့မနက်ပိုင်းက တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ နက်ပရိုက်စ်က သတင်း ထုတ်ပြန်လိုက်တာပါ။
မြန်မာစစ်အစိုးရအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်သလို၊ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ် ဖြစ်မြောက်အောင်၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရအောင် ဆောင်ရွက်ဖို့လိုအပ်ကြောင်း နှစ်ဦးစလုံးက ထပ်လောင်း အတည်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
အလားတူပဲ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အထူးကိုယ်စားလှယ် အာရီဝမ်ယူစွတ်ရဲ့ ခရီးစဉ်မှာ မြန်မာပြည်တွင်းက ပါဝင်သင့်တဲ့ သူတွေအားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့ တိုက်တွန်းနေပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ အာဆီယံကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးမယ့်အထဲမှာ NLD ပါတီဝင်တွေ၊ အမှုရင်ဆိုင်မနေရတဲ့သူတွေ၊ ထင်ရှားတဲ့သူတွေနဲ့ တွေ့ခွင့်ပေးမယ်လို့ ဆိုပါတယ်။ နိုင်ငံရေး ပါတီတွေနဲ့ အာဆီယံကိုယ်စားလှယ်တို့ တွေ့ဆုံရေးကို ရွေးကောက်ပွဲကော်မရှင်က စီစဉ်နေတာပါ။ အဲဒီအထဲ မှာ NLD ပါတီကို ဖိတ်ကြားမှု ရှိ၊ မရှိ သိနိုင်အောင် ရွေးကောက်ပွဲကော်မရှင်ကို RFA က တယ်လီဖုန်း အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးကတော့ ဖိတ်ကြားချက်ကို NLD ပါတီက လက်ခံရရှိတယ်လို့ သူမကြားမိသေးဘူးလို့ ဒီကနေ့ပဲ ပြောပါတယ်။ မြန်မာ့ပြည်တွင်းရေး အခြေအနေ တိုးတက်မှုမရှိတာဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအမြင် ကျဉ်းမြောင်းမှုကြောင့် ဖြစ်တယ်လို့လည်း ဦးဘိုဘိုဦးက ဝေဖန်လိုက်ပါတယ်။