မဲခေါင်မြစ်ထဲ လှေတိမ်းမှောက်မှု မြန်မာအလုပ်သမား ၁၆ ဦး ပျောက်ဆုံးနေ

RFA Burmese
2024.09.03
မဲခေါင်မြစ်ထဲ လှေတိမ်းမှောက်မှု မြန်မာအလုပ်သမား ၁၆ ဦး ပျောက်ဆုံးနေ လာအိုနိုင်ငံရှိ ရွှေတြိဂံစီးပွားရေးဇုန်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ မြင်ရစဉ်။
Lillian SUWANRUMPHA / AFP

မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံနယ်စပ်ဖြစ်တဲ့ ရွှေတြိဂံစီးပွားရေးဇုန်အနီး မဲခေါင်မြစ်ထဲမှာ စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းက မြန်မာအလုပ်သမား လေးဆယ်နီးပါး လိုက်ပါလာတဲ့ စက်လှေတိမ်းမှောက်လို့ ၁၆ ဦး ပျောက်ဆုံးနေတယ်လို့ လာအိုရောက် မြန်မာတွေက စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ RFA ကို ပြောပါတယ်။

လာအိုနိုင်ငံဘက်ခြမ်းက ရွှေကြိဂံစီးပွားရေးဇုန်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်က နမ့်လုတ်ဆိပ်ကမ်းကို ထွက်ခွာစဉ် မြစ်လယ်မှာ စက်ချို့ယွင်းပြီး ရေစီးနဲ့ မျောပါ တိမ်းမှောက်ခဲ့တာလို့ လာအိုရောက် မြန်မာတစ်ဦးက RFA ကို ပြောပါတယ်။

"စက်လှေက မြစ်အလယ်မှာ ရပ်သွားပြီးတော့ မထိန်းနိုင်ဘဲ ရေစီးနဲ့မျောပြီး မှောက်တာ။ မဲခေါင်မြစ်ဆိုတာက နဂိုကတည်းက ရေစီးသန်တာ။ ဒီရက်ပိုင်း မိုးကလည်းများတော့ ပိုဆိုးတာပေါ့နော်။ ပျောက်ဆုံးနေတဲ့သူ ၁၆ ဦး ကျန်သေးတယ်။ နှစ်ဆယ်ကျော်တော့ ပြန်ရှာတွေ့ထားတယ်"

ပျောက်ဆုံးနေသူတွေကို လာအိုအာဏာပိုင်တွေနဲ့ လူမှုကူညီရေးအသင်းတချို့က ဒီနေ့အထိ ဆက်လက်ရှာဖွေနေတယ်လို့ သူက ပြောပါတယ်။

စက်လှေမှာ လိုက်ပါလာသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို RFA က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စက်လှေနဲ့ လိုက်ပါလာသူတွေ လာအိုနိုင်ငံမှာ နေထိုင်ခွင့် အထောက်အထား အပြည့်အစုံ မရှိသေးတာကြောင့် လာအိုနိုင်ငံကနေ တာချီလိတ်ကို ပြန်လာကြသူတွေဖြစ်တယ်လို့ လာအိုရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။