နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်က သပြေကုန်းအဝိုင်းမှာ ထုလုပ်ထားရှိသွားမယ့် ဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်တုကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ သမ္မတဦးဝင်းမြင့်က တိုက်တွန်းထားတာကြောင့် တရားဝင်ခွင့်ပြုစာ ထွက်လာတာနဲ့ စတင်အကောင်အထည်ဖော်သွားမယ်လို့ ရုပ်တုဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးမင်းသူ က ဒီနေ့ ပြောပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်တုလုပ်ဖို့အတွက် ၁၉၆၂ သမိုင်းဝင်ပုဂ္ဂိုလ်တွေရဲ့ အထိမ်းအမှတ် မော်ကွန်းဥပဒေနဲ့အညီ အဆင့်ဆင့် တင်ပြထားပြီး ဖြစ်ပေမယ့် ကြားထဲမှာ သမ္မတအပြောင်းအလဲကြောင့် ကြန့်ကြာသွားတာဖြစ်တယ်လို့ ဦးမင်းသူ က ပြောပါတယ်။
"ဒေသဆိုင်ရာ အာဏာပိုင်ဖြစ်တဲ့ နေပြည်တော်ကောင်စီက နိုင်ငံတော် အကြီးအကဲဆီ ပြီးခဲ့တဲ့ ၂၀၁၈၊ ဖေဖော်ဝါရီလမှာ လျှောက်ထားခဲ့ပြီးဖြစ်တယ်။ အဲဒီအချိန်မှာ အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံတော် အကြီးအကဲ သမ္မတနေရာ အပြောင်းအလဲဖြစ်တယ်။ အဲဒါကြောင့် ဒီကိစ္စတွေ ပြီးသွားတဲ့အချိန်မှာ လက်ရှိအားဖြင့်တော့ ဥပဒေနဲ့အညီ နိုင်ငံတော်အကြီးအကဲနေ သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်ကို တရားဝင်ပေးရမှာပါ။ သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်ကလည်း ခုလိုမျိုး ကော်မတီကို တာဝန်ပေးတယ်ဆိုတဲ့ ညွှန်ကြားချက်မျိုး ထုတ်ပြန်ချက်မျိုးလုပ်ပြီးမှ ဆောင်ရွက်ခွင့် အတည်ဖြစ်တာပေါ့လေ။ ဒီအဆင့်တွေကြောင့် ဒီလောက်ထိ ကြာသွားတာပေါ့လေ။ သမ္မတကြီး ကိုယ်တိုင်ကလည်း ဒီကြေးရုပ်ကြီး နေပြည်တော်မှာ အမြန်ဆုံးဖြစ်အောင်လိုလားတဲ့အတွက်ကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းမှုရှိသလို သမ္မတကိုယ်တိုင်က ဒါကို အမြန်ဆုံးဖြစ်စေချင်တယ်ဆိုတဲ့ အလွတ်သဘောမှာ လျာထားခဲ့တာရှိပါတယ်။ ဥပဒေနဲ့အညီ ညွှန်ကြားချက်တွေ ထုတ်ဖို့ပဲ ကျန်တော့ပါတယ်"
နေပြည်တော် သပြေကုန်းအဝိုင်းမှာ ထုလုပ်ထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်တုကို ကြေးပိသာချိန် ၅ ထောင်ခန့် အသုံးပြုပြီး အမြင့် ၁၈ ပေခန့် ထုလုပ်သွားမှာဖြစ်ကာ ကုန်ကျစရိတ် သိန်းနှစ်ထောင် လောက်ရှိမှာ လည်း ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်အလိုက် ဗိုလ်ချုပ်ရုပ်တုတွေ ထုလုပ်ထားရှိနေကြပေမယ့် ဗိုလ်ချုပ်ရဲ့ မျက်နှာသွင်ပြင် မတူတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေတာကြောင့် ထုလုပ်ချိန် မကန့်သတ်ထားဘဲ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာ တက္ကသိုလ် ပန်းပုပညာဌာန အငြိမ်းစားပါမောက္ခ ဒေါက်တာမြင့်စံ က တာဝန်ယူထုလုပ်သွားမှာ ဖြစ်တယ် လို့ ပြောပါတယ်။
လက်ရှိမှာ ထုလုပ်မယ့်ဒီဇိုင်းနဲ့ ထားရှိမယ့် နေရာအနေအထားအတွက် ကွင်းဆင်းတာတွေ အကုန်လုပ် ကိုင်ပြီးပြီဖြစ်ပြီး ခွင့်ပြုမိန့် တရားဝင်ထုတ်ပြန်တာနဲ့ စတင်အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုနောက်ပိုင်း တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့နယ်တွေအလိုက် ဗိုလ်ချုပ်ကြေးရုပ်တွေ ထုလုပ်ထားရှိနေကြတာ စုစုပေါင်း ကြေးရုပ် ၁၅ ရုပ်လောက် ရှိနေပြီ ဖြစ်ပေမယ့် နေပြည်တော်မှာ ထုလုပ်ထားရှိမယ့် ကြေးရုပ်တု က မြန်မာနိုင်ငံမှာ အကြီးဆုံး ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။
