ဗိုလ်ချုပ်ရုပ်တု ထားရှိမယ့်အစီအစဉ် ယာယီရပ်ဆိုင်း

ကယားပြည်နယ်၊ လွိုင်ကော်မြို့က ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ထားရှိမယ့် အစီအစဉ်ကို ယာယီရပ်ဆိုင်းထားတယ်လို့ ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ က ပြောပါတယ်။

ဘယ်အချိန်လောက်အထိ ရပ်ဆိုင်းထားမယ်ဆိုတာတော့ ဆုံးဖြတ်ထားတာ မရှိဘူးလို့ ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးသောင်းဌေး က ပြောပါတယ်။

"နောက်ကို ရွှေ့ဆိုင်းသွားပါတယ်၊ ကျနော်တို့က အခုလောလောဆယ် မဖြစ်ဘူးပေါ့ဗျာ၊ ကျနော်တို့ ယာယီ ရပ်ဆိုင်းထားလိုက်တာပေါ့၊ အချိန်အကန့်အသတ်ရယ်လို့တော့ ကျနော်တို့ အစည်းအဝေး ဆုံးဖြတ်ထားတာ မရှိပါဘူး"

ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဗိုလ်ချုပ်ရုပ်တု ဖွင့်ပွဲအခမ်းအနား ကျင်းပရေးအတွက် တာဝန်ယူ ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့မှာ ရုပ်တုဖွင့်ပွဲ ကျင်းပဖို့ အရင်က စီစဉ်ထားတာဖြစ်တယ်လို့ ဦးသောင်းဌေး က ပြောပါတယ်။

မနေ့က ပြည်နယ်ဝန်ကြီးချုပ်နဲ့ တေ့ွဆုံခဲ့တဲ့ ဆန္ဒပြပွဲ ဦးဆောင်ကော်မတီဝင် ခွန်းသောမတ် က တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ကျနော်တို့နဲ့ ပတ်သက်ပြီး သူညှိနှိုင်းတာမရှိဘူး၊ သူရက်ရွှေ့ပေးမှာလည်း မဟုတ်ဘူး၊ သူနောက်ဆုံးပိတ် မိန့်ခွန်းမှာ သူပြောလိုက်တာက ၂၀ ရက်နေ့ တစ်ခေါက်တွေ့မယ်၊ နောက်ထပ် ၃၀ ရက်နေ့ ထပ်တွေ့ရင် လူထု သဘောထားယူပြီးတော့ တစ်ခါတည်းလုပ်သွားမယ်ဆိုပြီးတော့ သူပြောပြီးတော့ ချက်ချင်းထပြန်တာပဲလေ၊ ၂၀ ရက်နေ့မှာ တွေ့မယ်ဆိုတာက ကန့်ကွက်ပါတယ်ဆိုတဲ့ လူငယ်တွေအနေနဲ့ ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်လို့ ရမလဲပေါ့၊ အဲပုံစံမျိုးပဲ၊ လူငယ်တွေပါဝင်လို့ရမယ့် ပါဝင်လို့ရမယ့် အခန်းကဏ္ဍမျိုး သူက ပါခွင့်ပေးမယ်ဆိုတဲ့ သဘောမျိုးပေါ့၊ မဖြစ်မနေလုပ်မယ်ဆိုတဲ့ သဘောမျိုး သူကပြောတာ"

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ထားရှိမယ့်ကိစ္စကို ကန့်ကွက်နေတဲ့ ဒေသခံတွေ၊ အမျိုးသမီး အဖွဲ့တွေ၊ လူငယ်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်နယ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ပြည်နယ် ဝန်ကြီးချုပ်က မနေ့က ခေါ်ယူတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ အဖွဲ့အစည်း ၂၀ ကျော်က ရုပ်တုတည်ဆောက်မှုကို ရပ်ဆိုင်းထားဖို့ မနေ့က တောင်းဆိုထားတာရှိပါတယ်။ ဒီအပေါ်မှာ ဝန်ကြီးချုပ်ဘက်က ဆုံးဖြတ်ချက် တစ်စုံတစ်ရာပေးတာ မရှိခဲ့ပါဘူး။

ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်အပေါ် ကန့်ကွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး လွိုင်ကော်က လူငယ် ၁ဝ ယောက်နဲ့ ဒီမောဆိုက လူငယ် တစ်ယောက်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝ၅ (ခ) (ဂ) တို့နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။