ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ မြို့မဈေးမှာရှိတဲ့ ဇွဲထက်ရွှေဆိုင်ရှေ့မှာ ဇူလိုင်လ ၁၅ ရက် မနက် ၇ နာရီ ၄၅ မိနစ်ဝန်းကျင်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး လူ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ ဇွဲထက်ရွှေဆိုင်က အမျိုးသားဝန်ထမ်း ခြောက်ဦးနဲ့ အမျိုးသမီးဝန်ထမ်း ငါးဦးဖြစ်ပြီး ဈေးဝယ်သူ အမျိုးသမီးတစ်ဦးလည်း ထိခိုက်ခဲ့တယ်လို့ ဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လူ ၁၂ ဦး ထိခိုက်တယ်။ ၁၁ ဦးက အဲဒီဇွဲထက်ဆိုင်က ဝန်ထမ်းတွေပဲ။ နောက် တစ်ယောက်က ဝန်ထမ်းမဟုတ်ဘူး။ အဲ့ဒီထဲက အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦးက တော့ ဒဏ်ရာပြင်းထန်တယ်"
ထိခိုက်ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအဖွဲ့တွေက လားရှိုးမြို့ဆေးရုံကို ပို့ဆောင်ပေး ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပေါက်ကွဲမှုဟာ ဇွဲထက်ရွှေဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကနေ ဖြစ်ပွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဘယ်အဖွဲ့အစည်းက ဒီဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီ ရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိမှာ လားရှိုးမြို့မဈေးထဲက ဇွဲထက်ရွှေဆိုင် အနီးတစ်ဝိုက်က ဈေးဆိုင်တွေလည်း ပေါက်ကွဲ မှုဖြစ်ပွားပြီးတဲ့နောက် ပိတ်ထားရပြီး ဈေးကို လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်ကလည်း လားရှို့မြို့ သင်္ကြန်မဏ္ဍပ်အနီးမှာ ဗုံးကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ လေးဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးဝန်းကျင် ရှိခဲ့ပါတယ်။