ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ် (၂၀) ရပ်ကွက်ထဲမှာရှိတဲ့ ရပ်ကွက်ဧည့်စာရင်း လက်ခံရေးရုံးမှာ ဇန်နဝါရီလ ၄ ရက် မနေ့ညက ဗုံးပေါက်ကွဲခဲ့တာကြောင့် ရာအိမ်မှူး အပါအဝင် လူလေးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကျနော်က ဧည့်စာရင်းတိုင်ဖို့ အိမ်ကထွက်နေတုန်း ဝုန်းဆိုပြီး အဲဒီရုံးက ပေါက်ကွဲမှုဖြစ်တာ။ ရာအိမ်မှူး ရယ်၊ စာရေးရယ်။ အမျိုးသမီး နှစ်ဦး ထိသွားတယ်လို့တော့ ကြားတယ်။ ခဏနေတော့ စစ်ကောင်စီနဲ့ ဆေးရုံကားက လာခေါ်သွားတာပဲ" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် ရာအိမ်မှူးမှာ ထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့ပြီး ကျန်သုံးဦးကတော့ ဒဏ်ရာမပြင်း ထန်လို့ မစိုးရိမ်ရကြောင်း သူက ပြောပါတယ်။
မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ FromZero to Hero အဖွဲ့ကတော့ ဒီဖောက်ခွဲမှုဟာ သူတို့လက်ချက် ဖြစ်ပြီး ပြည်သူတွေကိုဖိနှိပ်နေလို့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လှိုင်သာယာမြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။