နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်တင်ပို့သူတွေအနေနဲ့ နိုင်ငံခြား ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ဈေးအတိုင်း လဲလှယ်ဖို့ ဖြေလျှော့ပေးလိုက်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ဇူလိုင် ၁၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဒီလိုဖြေလျှော့ပေးလိုက်တဲ့အတွက် ကုန်သည်တွေအတွက် အဆင်မပြေနိုင်သေးဘူးလို့ တရုတ်နယ်စပ်မှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ပို့ကုန်တင်ပို့တာကနေ နိုင်ငံခြားငွေ ၁၀၀ ရရင် အရင် ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်တဲ့ မြန်မာငွေနဲ့ ပြန်လဲရတာ။ အခုက ၅၀ ရာခိုင်နှုန်းပဲ သွင်းဆိုတော့ ၁၅ ရခိုင်နှုန်း လျော့ပေးလိုက်တယ်ဆိုတဲ့ သဘောပေါ့။ ပြောရရင် နည်းနည်းလေး ဖြေလျှော့ပေးလိုက်တယ်၊ ဆိုယုံပဲလို့ပြောရမယ်။ သိပ်တော့မထူး လှပါဘူး”
လက်ရှိပြင်ပ ဒေါ်လာပေါက်ဈေးက တစ်ဒေါ်လာကိုမြန်မာကျပ်ငွေ ၃၁၀၀ ဝန်းကျင်ရှိနေပြီး ဗဟိုဘဏ်ပေါက်ဈေးက တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၁၀၀ ဈေးနှုန်း ဖြစ်နေတာကြောင့် ငွေကြေးကွာဟမှု ကြီးတဲ့အတွက် ကုန်သည်တွေ အများကြီးနစ်နာရတယ်လို့ ဆိုပါတယ်။
"အဓိက ဗဟိုဘဏ်က ငွေလဲနှုန်းကို အသေကိုင်ထားသလို ဖြစ်နေတာက ပိုဆိုးတာပေါ့နော်။ အခုဖြေလျှော့ လိုက်တယ်ဆိုလည်း ငွေလဲနှုန်းကွာဟမှုက ကြီးနေတော့ ခက်တာပေါ့" လို့ နောက်ထပ် အမည်မဖော်လိုတဲ့ တရုတ်နယ်စပ် ကုန်သည်တစ်ဦးက ပြောပါတယ်။
ပို့ကုန်ရငွေကနေ ဗဟိုဘဏ် သတ်မှတ်ချက်အတိုင်း ပြန်လဲလှယ်ရတဲ့စနစ်ဟာ တစ်ခြားနိုင်ငံတွေမှာ ကျင့်သုံးတာ မရှိတဲ့အတွက် တစ်ခြားနိုင်ငံတွေနဲ့ ပြိုင်ပြီး အလုပ်လုပ်ရတဲ့ မြန်မာကုန်သည်တွေမှာ နစ်နာမှုတွေ ရှိတာကြောင့် ဒီထက်ပိုပြီး ဖြေလျှော့တာတွေ လုပ်သင့်တယ် လို့ အမည်မဖော်လိုတဲ့ မန္တလေးအခြေစိုက် ဝါရင့်ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောပါတယ်။
“ဖြစ်နိုင်ရင် ဒီစနစ်ကို ဖျက်လိုက်တာ ကောင်းတယ်ပေါ့နော်။ ဒါမှမဟုတ်ရင် ၁၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်းလောက်ပဲ ပို့ကုန်ရငွေနဲ့ ပြန်လဲလှယ်ရမယ်ဆိုတာမျိုး သတ်မှတ်ပေးသင့်တာပေါ့။ ဘာလို့လဲဆိုရင် ဒီစနစ်က တစ်ခြားနိုင်ငံတွေမှာမှ မရှိတာ။ မြန်မာကုန်သည်တွေပဲ နစ်နာတာပေါ့”
ဒီကိစ္စအတွက် စစ်ကောင်စီဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာနကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်ရာမှာတော့ လတ်တလော ဖြေလို့မရသေးဘူးလို့သာ တုံ့ပြန်ပါတယ်။
စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားပို့ကုန်ရငွေ ထဲက ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်ဈေးအတိုင်း ပြန်သွင်းဖို့နဲ့ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို ကုန်သည်တွေ စိတ်ကြိုက်ရောင်းဝယ်နိုင်ကြောင်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ သတ်မှတ်ခဲ့တာဖြစ်ပြီး တစ်နှစ်နီးပါး အကြာမှသာ အခုလိုဖြေလျှော့မှု အနည်းအငယ် ဆောင်ရွက်ပေးလာတာဖြစ်ပါတယ်။