ဒေးဒရဲတံတားစစ်ဆေးရေးဂိတ်မှာ ငွေကြေးတောင်းခံတဲ့အပြင် ဒဏ်ပေးတာတွေပါရှိနေ
2024.05.21

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း ဆက်သွယ်ပေးထားတဲ့ ဧရာဝတီမြစ်ကူး ဒေးဒရဲ တံတားစစ်ဆေးရေးဂိတ်မှာ တင်းတင်းကျပ်ကျပ်စစ်ဆေးနေသလို မှတ်ပုံတင်မပါသူတွေကို ငွေကြေးတောင်းခံတာအပြင် ဒူးထောက်ခိုင်းပြီး ဒဏ်ပေးတာတွေအထိ လုပ်နေတယ်လို့ ဒေသခံတွေက မေလ ၂၁ ရက်နေ့မှာ ပြောပါတယ်။
ရန်ကုန်မြို့ကနေ ဧရာဝတီတိုင်း ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့တွေကို သွားလာနေတဲ့ ယာဥ်မောင်းတွေ၊ ခရီးသည်တွေနဲ့ ရေလုပ်သားတွေကို စစ်ဆေးရေးဂိတ် တာဝန်ကျ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကြမ်းကြမ်းတမ်းတမ်းဆက်ဆံနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ယာဥ်မောင်းတစ်ဦးက RFA ကို ပြောပါတယ်။
“မှတ်ပုံတင် မပါတဲ့သူဆိုရင် အခုဆို ငါးထောင်ကနေ တစ်သောင်းပေးရတယ်။ ကားလေးတွေရော၊ ကားကြီးတွေရော အကုန်စစ်တာ။ အချိုးမပြေရင် ဆွဲခေါ်သွားတာ။ ဆွဲခေါ်ပြီး ပိုက်ဆံတောင်း၊ ဒဏ်ရိုက်၊ အဲဒီလို ပုံစံပေးတာတို့ ဘာတို့ လုပ်နေတာ။ ရေလုပ်သားတွေဆို ဟိုနေ့က ဒူးထောက်ပြီးတော့ ပုံစံပေးခံရတာရှိတယ်”
ရန်ကုန်မြို့ကနေ ဧရာဝတီတိုင်းကို လာတဲ့လမ်းတစ်လျှောက်မှာရှိတဲ့ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒေးဒရဲ၊ ဖျာပုံ စတဲ့ စစ်ဆေးရေးဂိတ်တွေမှာ တင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး ဒေးဒရဲတံတားအဆင်း မြို့အဝင်ဂိတ်က အဆိုးဆုံးဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
မေလဆန်းပိုင်းကလည်း ဒေးဒရဲ တံတားစစ်ဆေးရေးဂိတ်မှာ ငွေကြေးတောင်းခံမှုတွေကို ထောက်ပြပြောဆိုတဲ့ အမျိုးသမီးတစ်ဦးကို ဂိတ်တာဝန်ကျ ရဲဝန်ထမ်းက လူအများကြားမှာ ပါးရိုက်ခဲ့တာကြောင့် စစ်ကောင်စီထံ တိုင်ကြားခဲ့ပေမဲ့ အရေးယူတာမျိုး မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီနေ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ထားတဲ့ ဒေးဒရဲတံတားနေရာမှာ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စစ်တပ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး စတဲ့ ဌာနပေါင်းစုံအဖွဲ့တွေနဲ့ စစ်ဆေးရေးလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။