ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီးဟောင်းနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ တောင်းဆို
2025.01.23

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီးဟောင်း Andrew Mitchell နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူလည်းဖြစ် ဥရောပကောင်စီရဲ့သံတမန်တစ်ဦးလည်းဖြစ်တဲ့ Bianca Jaggerနဲ့ ဗြိတိန်စာရေးဆရာ Jung Chang တို့က တောင်းဆိုလိုက်ပါတယ်။
လန်ဒန်မြို့မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝအတက်အကျ အနိမ့်အမြင့် ပုံဖော်ရုပ်ရှင် “ Cancelled: The Rise and Fall of Aung San Suu Kyi” မှတ်တမ်းရုပ်ရှင်ပြသပွဲ အပြီးမှာ တောင်းဆိုလိုက်တာပါ။
ဝန်ကြီးဟောင်း Andrew Mitchell က “ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ရဲ့ ဆိုးဆိုးရွားရွား ဆက်ဆံတာခံနေရတယ်။ သူ့ကို ချက်ချင်းလွှတ်ပေးသင့်တယ်။ ဒီလိုရုပ်ရှင်မျိုးက သူ့ကို ဘာကြောင့်လွှတ်ပေးသင့်တယ်ဆိုတာ ရှင်းပြနိုင်တယ်” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လူအတော်များများအတွက် သူရဲကောင်းဖြစ်ခဲ့ကြောင်း၊ ဒီဇာတ်ကားဟာ စစ်အာဏာရှင်က သူ့ကို တရားမဝင်ထောင်ချထားတာကို မီးမောင်းထိုးပြလိုက်တာဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူ Bianca Jagger က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်အတော်များများ တွေ့ဆုံခဲ့ဖူးတဲ့ စာရေးဆရာမ ချန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို သူအလွန်လေးစားကြောင်း၊ သူလွတ်မြောက်ဖို့အတွက် အာရုံစိုက်ပြီးကူညီနိုင်ရင် အကောင်းဆုံးဖြစ်ကြောင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ William Hague၊ Sir Malcolm Rifkind နဲ့ Jack Straw တို့က ဒီဇင်ဘာ ၁၉ ရက်နေ့က တိုက်တွန်းလိုက်ပြီးနောက်မှာ အခုလို တောင်းဆိုလှုပ်ရှားတာတွေ ဆက်တိုက်ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။