ဧရာ၀တီတိုင်း မြို့နယ်ခုနစ်ခုကို ခရီးသွားလာမှု သတိထားဖို့ ဗြိတိန် သတိပေး

RFA Burmese
2025.01.23
ဧရာ၀တီတိုင်း မြို့နယ်ခုနစ်ခုကို ခရီးသွားလာမှု သတိထားဖို့ ဗြိတိန် သတိပေး စစ်ကောင်စီတပ် ဗုံးကြဲခဲ့သည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဘောမိရွာမှ နေအိမ်များ မီးလောင်နေသည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ပုသိမ်မြို့နယ် အပါအဝင် ဧရာဝတီတိုင်းက မြို့နယ် ခုနစ်မြို့နယ်ကို ခရီးသွားလာမှု သတိထားဖို့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယ ဖွံ့ဖြိုးရေးဌာန (FCDO) က ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ နယ်မြေထိစပ်နေတဲ့ ဧရာဝတီတိုင်းက ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းနဲ့ ပုသိမ်မြို့နယ်တွေကို ခရီးသွားသတိပေးချက် ထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံမှာ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ မန္တလေးတိုင်းမြောက်ပိုင်းနဲ့ ပဲခူးတိုင်းအတွင်း ရန်ကုန်- မန္တလေး အမြန်လမ်းတို့ကို ခရီးမသွားသင့်တဲ့ နေရာတွေအဖြစ် FCDO က သတိပေးထားတာပါ။

ခရီးသွားလာတဲ့အခါ မဖြစ်မနေကလွဲပြီး မသွားသင့်တဲ့နေရာတွေအဖြစ် ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းတို့ကို ကနဦး သတိပေးချက်ထုတ်ပြန်ထားရာကနေ အခု ဧရာ၀တီတိုင်းက မြို့နယ် ခုနစ်မြို့နယ်ကိုပါ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။

နိုင်ငံတကာခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ ချောင်းသားကမ်းခြေရှိရာ ပုသိမ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်နေတာပါ။

ချောင်းသာကမ်းခြေမှာ ဟိုတယ်တွေ ပိတ်သိမ်းထားသလို နေထိုင်တဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြပြီလို့ အမည်မဖော်လိုသူ ချောင်းသာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

တိုက်ပွဲကြောင့် ပုသိမ်မြို့နယ်၊ ချောင်းသာနဲ့ ရွှေသောင်ယံမြို့မှာရှိတဲ့ ရွာတွေက လူတစ်သောင်းကျော်ဟာ ဇန်နဝါရီ ၉ ရက်နေ့ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗြိတိန်ရဲ့ ခရီးသွားလာမှု လုံခြုံရေး သသိပေးမှုအပေါ် တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။