ရိုဟင်ဂျာတွေကို ဗြိတိန်ထောက်ပံ့မှု ၈၂ ရာခိုင်နှုန်းလျှော့ချ

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတစ်သန်းနီးပါးအတွက် ဗြိတိန်အစိုးရက ထောက်ပံ့ပေးနေတဲ့ နှစ်စဉ်ထောက်ပံ့ကြေးကို ၈၂ ရာခိုင်နှုန်းဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ပြန်ပြီးသုံးသပ်ဖို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (Burma Campaign-UK) က တောင်းဆိုလိုက်ပါတယ်။

"အခု ၁၀ ဒေါ်လာကနေ ၈ ဒေါ်လာအထိ လျှော့တာဖြစ်နိုင်သလို ၆ ဒေါ်လာအထိ လျှော့တာလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်"

ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်က စတာလင်ပေါင် ၁၁၂.၃၆ သန်း ထောက်ပံခဲ့ပေမယ့် ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ၂၀.၃၆ သန်းသာ ထောက်ပံတော့မှာ ဖြစ်တယ်လို့ Burma Campaign UK ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထောက်ပံ့မှု ၈၂ ရာခိုင်နှုန်း ထပ်ပြီးဖြတ်တောက်မယ်ဆိုရင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ရိုဟင်ဂျာတွေအတွက် လစဉ်စားနပ်ရိက္ခာထောက်ပံ့ငွေဟာ အခုထက်ပိုနည်းလာလိမ့်မယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က RFA ကို ပြောပါတယ်။

“ဗြိတိန်ကနေ အတိအလင်းပြောလာပြီဆိုရင် ၈၂ ရာခိုင်နှုန်းဖြတ်လိုက်ပြီဆိုရင် စားဖို့သောက်ဖို့မှာ ပိုပြီးထိခိုက်လာမယ်။ အခု ၁၀ ဒေါ်လာကနေ ၈ ဒေါ်လာအထိ လျှော့တာဖြစ်နိုင်သလို ၆ ဒေါ်လာအထိ လျှော့တာလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ တော်တော်လေးကို မြေပြင်မှာသွားပြီး ထိခိုက်မှုတွေရှိနိုင်တယ်”

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို WFP က တစ်ဦးကို တစ်လ ၁၂ ဒေါ်လာ ထောက်ပံ့နေရာကနေ ရန်ပုံငွေရရှိမှု ကျဆင်းလာတဲ့အတွက် အခုမတ်လကစပြီး တစ်လကို ၁၀ ဒေါ်လာသာ ထောက်ပံ့နိုင်တော့တာ ဖြစ်ပါတယ်။

3.jpg
Rohingya refugees stretch their hands for food near Balukhali in Cox’s Bazar ၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇား၊ဘာလုခါလီဒုက္ခသည်စခန်းက၊ စားနပ်ရိက္ခာတောင်းခံနေသည့် ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ရစဉ်။ (Photo:Reuters) (MOHAMMAD PONIR HOSSAIN/REUTERS)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်က ကုတုပါလောင်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ကိုအောင်မြိုင်က… စားနပ်ရိက္ခာအတွက် ငွေမလုံလောက်လို့ ထောက်ပံ့မှုကို တစ်လ ဒေါ်လာ ၂၀ ကနေ ၃၀ ကြားတိုးပေးဖို့ ဒုက္ခသည်တွေက တောင်းဆိုနေရာကနေ လက်ရှိမှာ တိုးမရဘဲ လျှော့ချမှုတွေ ကြုံတွေ့လာရတာလို့ ပြောပါတယ်။

UNHCR စာရင်းအရ ၂၀၂၂ ခုနှစ်အတွင်း ပင်လယ်ခရီးဖြတ်ရင်း သေဆုံးခဲ့တဲ့ရိုဟင်ဂျာ နှစ်ရာနီးပါး ရှိပါတယ်။

ရာခိုင်နှုန်းအရ တွက်မယ်ဆိုရင် WFP က ရိုဟင်ဂျာတွေကို ထောက်ပံ့မှု ၁၇ ရာခိုင်နှုန်းလျော့ချပြီး ဖြစ်တယ်လို့ Burma Campaign UK ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ခွင့် မရကြတဲ့အတွက် ထောက်ပံ့ငွေနဲ့သာ နေထိုင်နေရလို့ ထောက်ပံ့မှုလျော့လိုက်မယ်ဆိုရင် ပင်လယ်ဖြတ်ပြီး တခြားနိုင်ငံကို အသက်စွန့်သွားလာမှုတွေ ပိုများလာနိုင်သလို လူကုန်ကူးမှုနဲ့ ရာဇဝတ်မှုတွေလည်း ပိုတိုးလာနိုင်တယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ပင်လယ်ခရီးဖြတ်ရင်း သေဆုံးခဲ့တဲ့ရိုဟင်ဂျာ နှစ်ရာနီးပါး ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့စာရင်းတွေအရ သိရပါတယ်။