ရုပ်သံလွှင့် ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု


2014.10.14
parliament-305.jpg လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်
photo: RFA/ Win Naung Toe

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းတဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက် ပါတယ်။

ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းလုပ်ငန်းဟာ နိုင်ငံရေး စွက်ဖက်မှုနဲ့ စီးပွားရေးအင်အားစုတွေရဲ့ ဖိအားပေးမှု ကင်းရမှာဖြစ်ကြောင်း အဲဒီဥပဒေကြမ်းမှာ ကန့်သတ် ထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် က သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

"ရုပ်မြင်သံကြားနဲ့ အသံလွှင့်ကောင်စီရဲ့ သတ်မှတ်စံနဲ့ ညီလို့ရှိရင် သူကအကုန်လုံး ဝင်လုပ်လို့ရတာပဲ၊ ဒါပေမဲ့ နိုင်ငံခြားပိုင်ဆိုင်မှုက တည်ဆဲဥပဒေအရ ဘယ်နှစ် ရာခိုင်နှုန်း ကန့်သတ်မလဲ၊ အဲ့ထက်တော့ပိုလို့မရဘူး၊ အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုတာက အာဏာရပါတီ အတွက်လည်း မဟုတ်ဘူး၊ အစိုးရအတွက်လည်း မဟုတ်ဘူး၊ ပြည်သူတွေအတွက်ပေါ့၊ လွှတ်တော်တို့ အစိုးရ အဖွဲ့တို့က သူ့ကို Budget တော့ခွင့်ပြုပေးရတယ်၊ အဲ့ Budget ကို ဘယ်လိုသုံးစွဲမယ်ဆိုတာနဲ့ ပတ်သက်လို့ အသေးစိတ်ဝင်ပြောလို့မရဘူး၊ နိုင်ငံရေးဖိအားတွေက မရှိရဘူးပေါ့နော်၊ အယ်ဒီတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးရတယ်၊ ကျင့်ဝတ်ချိုးဖောက်ရင်တော့ သူ့အပေါ်မှာရှိတဲ့ကောင်စီက အရေးယူလို့ရတယ်၊ ဒါကနိုင်ငံရေး ဖိအားပေါ့၊ စီးပွားရေးဖိအားဆိုတာက သူ့ကိုကျနော်တို့က တသတ်မတ်တည်း တည်ငြိမ်တဲ့ ငွေကြေးအရင်းအနှီး ရအောင် ရှာပေးထားတယ်၊ ရှာပေးထားတဲ့အတွက် သူသည် ဈေးကွက်ရဲ့ဖိအားနောက်ကို လိုက်ပေးစရာ မလိုတော့ဘူး"

ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းတဲ့ ဥပဒေကြမ်းမှာ ပြည်ပနိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံရာမှာ ၃ဝ ရာခိုင်နှုန်းထက်မပိုသော ဆိုတဲ့အချက်ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်အတည်ပြု လိုက်ကြောင်း ကော်မတီ ဥက္ကဌ ဦးခင်မောင်ရီ က ပြောပါတယ်။

"ပြန်ကြားရေးဝန်ကြီးဌာနက ရေးထားတာကတော့ ပြည်ပနိုင်ငံခြားသားက ရင်နှီးမြှုပ်နှံတာဆိုရင် ၃ဝ ရာခိုင်နှုန်းထက် မပိုသောလို့ပါတယ်၊ အဲဒီ့အချက်ကို တို့က တည်ဆဲဥပဒေများနဲ့အညီလို့ ရေးလိုက်တယ်၊ တည်ဆဲဥပဒေဆိုတာကတော့ ရှိတဲ့ဥပဒေတွေရှိတာပေါ့၊ အဲဒီ့ဥပဒေတွေထဲက ဘယ်ဥပဒေတွေပဲဖြစ်ဖြစ် ကိုးကားလို့ရတဲ့ သဘောပါပါတယ်၊ ဘာလို့အဲ့ဒါကို ပြင်ပေးချင်သလဲဆိုတော့ ၃ဝ ရာခိုင်နှုန်း အသေမှတ်ထား လို့မရဘူး၊ နောက်အချိန်မှာ Foreign Investment Law ပေ့ါ FDI Law တွေဘာတွေ ပြင်မယ်ဆိုရင် အချိုးအစားတွေ ပြင်သွားနိုင်သေးတယ်၊ ပြင်တိုင်းပြင်တိုင်း အနောက်က လိုက်ပြင်မနေရအောင် တည်ဆဲဥပဒေနဲ့အညီဆိုတော့ နောက်ဥပဒေတွေပြင်ရင်လည်း အဲဒီ့ဥပဒေအသစ်နဲ့ လုပ်လိုက်လို့ရတယ်"

အဲဒီဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဌ တို့က အသီးသီးအဆိုပြုတဲ့ ၆ ဦးစီပါဝင်တဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာကောင်စီကို  ဖွဲ့စည်းရမယ်လို့ ပါရှိပြီး ၅ နှစ်သက်တမ်းတာဝန်ထမ်းဆောင်ရမယ်လို့ ပါရှိပါတယ်။

အဲဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။