ဘုတလင်တိုက်ပွဲ စစ်ကောင်စီတပ်သား သုံးဆယ်ကျော် သေဆုံးကြောင်း PDF ပြော
2024.10.01
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စက်တင်ဘာ ၃၀ ရက် မနေ့က စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံးပြီး နောက်ထပ် လေးဆယ်ဦး ဖမ်းဆီးရမိတယ်လို့ ဘုတလင်မြို့နယ်က ကာကွယ်ရေးအဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းမှာ ကူတော်ရွာကနေ ဘုတလင်မြို့ကို ထွက်လာတဲ့ အင်အား ရှစ်ဆယ်ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဘုတလင်မြို့နယ် စီပါရွာအနီးမှာ ကာကွယ်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦးရဲ့ ရုပ်အလောင်းတွေ ရရှိထားပြီး လေးဆယ်ဦး ဖမ်းမိထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“လက်ရှိ သုံ့ပန်း လေးဆယ် ဖမ်းမိထားတယ်။ ခြေကျိုး၊ လက်ကျိုး ဒဏ်ရာရတာတွေ များတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ အလောင်း ၃၃ လောင်း တွေ့တယ်။ စစ်ကြောင်းက ၈၆ ယောက်ဆိုတော့ ရထားတဲ့သေနတ်က များတာပေါ့။ လွတ်သွားတာက ရှစ်ယောက်နဲ့ ဆယ်ယောက်ကြားမှာပဲ ရှိတယ်”
ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ထဲမှာ တပ်ခွဲမှူးနှစ်ဦး၊ သင်တန်းနည်းပြတစ်ဦးနဲ့ အသက် ၅၀ ကျော် အရွယ်တွေလည်း ပါဝင်ပြီး ဒဏ်ရာရသူတွေကို ဆေးကုသမှု ပေးနေတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး၊ ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ကိုးကြိမ်တိုက်ခိုက်ခဲ့သလို မုံရွာမြို့အခြေစိုက် အနောက်မြောက် တိုင်းစစ်ဌာနချုပ်ကလည်း ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့ပေမဲ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က သေဆုံးထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စက်တင်ဘာ ၂၀ ရက်နေ့က ဘုတလင်မြို့နယ် ကူတော်ရွာက စစ်ကောင်စီ တပ်စခန်းကို ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီးနောက် အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ဘုတလင်မြို့နယ် ကူတော်ရွာကို စစ်ကူရောက်လာခဲ့ပါတယ်။
တစ်ပတ်ကျော်အကြာမှာ ကူတော်ရွာကနေ စစ်ကြောင်းပြန်ထွက်ချိန် ကာကွယ်ရေး ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်တာ ခံခဲ့ရတာပါ။
စက်တင်ဘာ ၂၃ ရက်နေ့ကလည်း အဲဒီစစ်ကြောင်းဟာ ဘုတလင်မြို့နယ်က ကျွဲသေချောင်းနဲ့ ကတိုးရွာကို ဝင်ရောက်စီးနင်းပြီးနောက် အရပ်သားနှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။