ဘုတလင်မှာ စစ်ကြောင်းထိုး မီးရှို့မှုတွေ ဆက်ရှိနေ
2024.11.07
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ အရပ်သားတစ်ရာခန့်ကို ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက နိုဝင်ဘာလ ၇ ရက်နေ့မှာ သားဖန်းရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၂ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက် သားဖန်းရွာမှာ စစ်ကောင်စီတပ်က နှစ်ညအိပ် တပ်စွဲခဲ့တာပါ။ အဲဒီနောက် နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်း ရွာက ပြန်အထွက်မှာ နေအိမ်တွေကို မီးရှို့ထားခဲ့တာလို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဘုတလင်ရယ်၊ အင်းတဲရယ်၊ သားဖန်းရယ် သုံးပွင့်ဆိုင်ကြားမှာ တိုက်ပွဲဖြစ်လိုက်တာ။ စကစ ဘက်က တော်တော်ထိသွားတဲ့ ပုံရတယ်။ အဲဒီတော့ သူတို့က သားဖန်းရွာကိုဝင်ပြီး မီးရှို့လိုက်တဲ့သဘောပေါ့။ ရွာကို နှစ်ညအိပ်ပြီး ထွက်တဲ့နေ့မှာ အိမ် ၃၂ လုံး မီးရှို့သွားတယ်။ ရွာသူ ရွာသားတွေကိုတော့ သတင်းရကတည်းက ကာကွယ်ရေးအဖွဲ့တွေက တစ်ယောက်မကျန် အကုန်ထုတ်တာဆိုတော့ ဖမ်းခံရတာမျိုးတော့ မကြုံလိုက်ဘူး”
သားဖန်းရွာဟာ အိမ်ခြေနှစ်ရာနီးပါးရှိပြီး ဘုတလင်မြို့ရဲ့ အရှေ့ဘက် ၄ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ နိုဝင်ဘာလ ၈ ရက် ဒီနေ့မှာတော့ စစ်ကောင်စီတပ် စစ်ကြောင်းက ဘုတလင်မြို့အနီးမှာရှိတဲ့ သပြေပင်ရွာမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ အင်အား တစ်ရာကျော်ပါ စစ်ကြောင်းဟာ အောက်တိုဘာလ ပထမအပတ်ကစလို့ ဘုတလင်မြို့နယ်က ရွာတွေကို စစ်ကြောင်းထိုး နေတာပါ။
စစ်ကြောင်းက ဘုတလင်မြို့နယ်ထဲက စီပါ၊ ကျွဲသေချောင်း၊ အိုင်ပေါင်းချောင်၊ ဆယ်ဝ (ရွာဟောင်း)၊ ဆယ်ဝ (ရွာသစ်)၊ စိုင်ပြင်လေး၊ ကျောက်အိုး (မြောက်) ရွာတွေက နေအိမ်လေးရာကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားနှစ်ဆယ်ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းနဲ့အတူ အရပ်သား တစ်ရာခန့်လည်း ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ဒီနေ့အထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အစည်းအဝေးရှိနေတာကြောင့် လတ်တလောဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က ဘုတလင်မြို့နယ် ကူတော်ရွာ စစ်ကောင်စီတပ် အခြေစိုက်စခန်းက စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား အများအပြား သေဆုံးတာနဲ့ ဖမ်းဆီးခံရတာတွေရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။