ဘုတလင်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ငါးရာခန့် ရှိလာ
2024.11.10
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အောက်တိုဘာ ၅ ရက်ကနေ နိုဝင်ဘာ ၇ ရက်အထိ တစ်လအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ငါးရာခန့် ရှိလာပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီရဲ့ တပ်မ ၃၃ စစ်ကြောင်းဟာ အောက်တိုဘာ ပထမပတ်ကစပြီး ဘုတလင်မြို့နယ်က ရွာတွေကို စီးနင်းမီးရှို့ခဲ့သလို အရပ်သား နှစ်ဆယ်ကျော်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စီပါရွာက အိမ်ခြေ ၂၉၃ လုံး၊ အင်းတဲမှာ သုံးလုံး၊ စိုင်ပြင်လေးမှာ ၃၁ လုံး၊ ဆယ်ဝ (ရွာသစ်)မှာ နေအိမ်နှစ်ဆယ်၊ ဆယ်ဝ (ရွာဟောင်း)မှာ ၁၅ လုံး၊ ကျောက်အိုး (အရှေ့)ရွာမှာ ၆ လုံး၊ အိုင်ပေါင်းချောင်မှာ ၂၇ လုံး၊ ကျွဲသေချောင်းမှာ ၂၃ လုံး၊ သားဖန်းရွာမှာ ၃၇ လုံး၊ ကတိုးရွာမှာ ၃၄ လုံးနဲ့ တက်လှိုင်းရွာမှာ တစ်လုံး စုစုပေါင်း နေအိမ် ၄၉၀ မီးလောင်ပျက်စီးခဲ့တာပါ။
နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ သပြေပင်ရွာအနီးမှာ စစ်ကြောင်း ထိုးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတလင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကြောင်းက ရှိနေတုန်းပဲ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ဘုတလင်မြို့ပေါ်ကနေလည်း ဒီနေ့ ကားတစ်စီးနဲ့ အင်းတဲရွာဘက်ကို လာတာရှိတယ်။ အခုတော့ မြို့ထဲဘက် ပြန်မောင်းသွားတယ်”
ဘုတလင်မြို့နယ်က အခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က နိုဝင်ဘာ ၁၀ ရက် ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ဘုတလင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက နေအိမ်တွေ မီးရှို့နေတာကြောင့် ရွာပေါင်း သုံးဆယ်ခန့်က ဒေသခံ နှစ်သောင်းကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။