ဘုတလင် ဒေသခံ လေးဆယ်ကျော်ကို စစ်ကောင်စီတပ် ဖမ်းခေါ်သွား
2024.10.24
ဘုတလင်မြို့နယ်အတွင်းက စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့တဲ့ ရွာတွေကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံ လေးဆယ်ကျော်ကို ပြန်မလွှတ်ဘဲ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဘုတလင်မြို့ပေါ်ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ညနေပိုင်းမှာ စီးနင်းထားတဲ့ ရွာတွေကနေ စစ်ကြောင်းပြန်ဆုတ်ချိန် ဖမ်းဆီးထားသူတွေကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားတာလို့ ဘုတလင် ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းက ပြန်ခေါက်သွားပြီ။ မနေ့ကတည်းက မြို့ပေါ်ကို ခေါက်သွားတာ။ ဖမ်းထားတဲ့ ဒေသခံ လေးဆယ်ကျော်လည်း ပါသွားတယ်။ အကုန်လုံးပြန်လွှတ်တာ မရှိသေးပါဘူး။ ပြန်လွှတ်မဲ့ အခြေအနေကို စောင့်ကြည့်နေရတာပေါ့။ မြို့ပေါ်က သူတို့ အထိုင်ချစခန်းကို ခေါ်သွားတာပေါ့”
စစ်ကောင်စီတပ်ဟာ ဘုတင်မြို့နယ်ထဲကို မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ အောက်တိုဘာလ ၆ ရက်နေ့ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။ ဒီကာလအတွင်း စီပါ၊ တက်လှိုင်း၊ ကျွဲသေချောင်း၊ အိုင်ပေါင်းချောင်၊ ဆယ်ဝ၊ စိုင်ပြင်လေး စတဲ့ရွာတွေက နေအိမ် လေးရာထက်မနည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီ့အပြင် စစ်ကြောင်းထိုးချိန်မှာ ဘုတလင်ဒေသခံ နှစ်ဆယ်ထက်မနည်း သတ်ဖြတ်ခံထားရပါတယ်။ အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်ပေးဖို့ နိုင်ငံတကာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားတောင်းဆိုထားပါတယ်။
စစ်ကောင်စီကတော့ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ သတ်ဖြတ်တာတွေမရှိဘဲ ပုံမှန်နယ်မြေ လုံခြုံရေးဆောင်ရွက်နေတာလို့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေရဲ့ ရေးသားတွေချက်အပေါ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး တုံ့ပြန်ပြောဆိုထားပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က ဘုတလင်မြို့နယ် စီပါရွာအနီးမှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား သုံးဆယ်ကျော် သေဆုံးပြီး လေးဆယ်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ကောင်စီတပ်က အထိနာခဲ့တာကြောင့် တစ်ကျော့ပြန် စစ်ကြောင်းထိုးပြီး အရပ်သားတွေကို သတ်ဖြတ်တာနဲ့ ရွာကို မီးရှို့တာတွေ လုပ်နေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ကာလအတွင်း ရွာဆယ်ရွာခန့်က ဒေသခံ သုံးသောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။