ဘုတလင်မှာ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ ဒုက္ခသည်အချို့ သေဆုံး
2024.11.03
Updated 1:48 PM, 2024
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ နေရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ကျန်းမာရေးချို့တဲ့ပြီး ဆေးကုသခွင့်မရလို့ သေဆုံးသူတွေ ရှိလာတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက RFA ကို နိုဝင်ဘာ ၃ ရက် ဒီနေ့ပြောပါတယ်။
အဲဒီ စစ်ဘေးဒုက္ခသည်တွေဟာ ဘုတလင်မြို့နယ် အရှေ့ဘက်အခြမ်းက ကျေးရွာတွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး အသက် ၇၀ ကနေ ၈၀ အရွယ် သက်ကြီးပိုင်း ဆယ်ဦးခန့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့နေရာတွေမှာ သောက်သုံးရေ မရှိတာ၊ ရာသီဥတု အေးတာနဲ့ ကျန်းမာရေးစောင့်ရှောင်မှု မရတာတွေကြောင့် သေဆုံးတာလို့ ဘုတလင်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဆောင်း ဝင်လာတဲ့အတွက် ရာသီဥတု အေးတဲ့ဒဏ်တွေနဲ့ တချို့စစ်ဘေးရှောင် သက်ကြီးရွယ်အိုတွေဆိုရင် သေကြေရတာ တွေ့ရတယ်ဗျ။ ပြည်သူတွေနောက်ထပ်ကို ရေရှည် ထွက်ပြေးတိမ်းရှောင်ရမယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုတွေ အားနည်းတာအတွက်ရယ်၊ ရာသီဥတု အကူးအပြောင်းတွေရယ်ကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးတွေ၊ ပြီးတော့ စားနပ်ရိက္ခာ မလုံလောက်မှုတွေ အဲဒီအတွက်ကို ကျွန်တော် စိုးရိမ်မိတယ်”
သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ လတ်တလော မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဘုတလင်မြို့နယ်က စစ်ဘေးဒုက္ခသည် သုံးသောင်းခန့်ဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရတာ အချိန်တစ်လကျော် ကြာလာတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရသလို ရာသီဥတုဒဏ်ကိုပါ ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေ ကျန်းမာရေး စောင့်ရှောက်မှုမရဘဲ အသက်သေဆုံးမှုတွေ ရှိနေတဲ့အပေါ် အသေးစိတ်မသိရသေးကြောင်း စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူက RFA ရဲ့ နိုဝင်ဘာ ၃ ရက် ဒီနေ့မှာ ပြောပါတယ်။
အောက်တိုဘာ ပထမပတ်ကစပြီး စစ်ကောင်စီရဲ့ အင်အားတစ်ရာကျော်ပါတဲ့ တပ်မ ၃၃ စစ်ကြောင်းက ဘုတလင်မြို့နယ်က ရွာတွေကို စစ်ကြောင်းထိုးနေတာပါ။
အဲဒီစစ်ကြောင်းဟာ ဘုတလင်မြို့၊ မြောက်ကျီ၊ တက်လှိုင်း၊ စီပါ စတဲ့ရွာတွေက အရပ်သားနှစ်ဆယ်ကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို နေအိမ် လေးရာခန့် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ တစ်ကျော့ပြန် ထိုးစစ်အတွင်း ဘုတလင်မြို့နယ်က ရွာပေါင်း နှစ်ဆယ်ဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ စစ်ကြောင်းထိုးပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။