စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ငါးရက်အတွင်း စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ရွာတွေက ဒေသခံ စုစုပေါင်း ငါးဆယ်ခန့်ကို စစ်ကြောင်းနဲ့အတူ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၁၀ ရက် ဒီနေ့မှာ ပြောပါတယ်။
အောက်တိုဘာလ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ စစ်ကြောင်းဝင်ရာ လမ်းတစ်လျှောက်မှာရှိတဲ့ နှောပင်ရိုး၊ မရိုးတော၊ တရော်တော၊ ယုန်လှေးကုန်း၊ ကံဆွယ်၊ ကြက်ရိုးကုန်း၊ သီးပင်အိုင်နဲ့ ကျောက်အိုး (အရှေ့၊ မြောက်၊ တောင်) ရွာတွေက ဒေသခံတွေ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
အင်အား တစ်ရာကျော်ပါ စစ်ကြောင်းဟာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ဘုတလင်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး စစ်ကြောင်းနဲ့ ဖမ်းဆီးခံရသူတွေဟာ လက်ရှိမှာ သီးပင်အိုင်ရွာကို ရောက်နေပြီလို့ ဘုတလင်မြို့နယ် အခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“ပြည်သူဓားစာခံတွေက လက်ရှိ ငါးဆယ်လောက် ဖမ်းထားတယ်။ အသက်အရွယ်က ၁၅ နှစ်ကျော်ရင် ခေါ်သွားတယ်လို့ သိရတယ်။ ဖမ်းသွားတဲ့ ရွာကလူတွေ ပြောတဲ့သတင်းအရတော့ မိန်းကလေးက များတယ်။ အခုချိန်ထိအောင် သီးပင်အိုင်ရွာထဲမှာပဲရှိတုန်းပဲ။ ဟိုတစ်နေ့က စစ်ကြောင်းတစ်ကြောင်းလုံး သုတ်သင်လိုက်တဲ့ နေရာအထိ သွားမယ်လို့ သိရတယ်။ လက်ရှိအချိန်ထိတော့ တိုက်ပွဲဖြစ်တာ မရှိသေးဘူး”
စစ်ကောင်စီတပ်စစ်ကြောင်းဟာ အောက်တိုဘာလ ၉ ရက်နေ့ကတော့ ကျောက်အိုး (အရှေ့) ရွာနဲ့ ကျောက်အိုး (မြောက်) ရွာက နေအိမ် ငါးလုံးလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ် စစ်ကြောင်းရောက်နေတဲ့ သီးပင်အိုင်ရွာ အပါအဝင် ကြက်ရိုးကုန်း၊ ကျောက်အိုး (အရှေ့၊ မြောက်၊ တောင်) ရွာတွေဟာ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုတလင်မြို့နယ်က စစ်ရေးအခြေအနေနဲ့ ဒေသခံတွေ ဖမ်းဆီးခံရတဲ့အပေါ် တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်က ကူတော်ရွာ တပ်စခန်းကနေ ဘုတလင်မြို့ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံးပြီး ဗိုလ်ကြီး နှစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၄၃ ဦး ဖမ်းမိခဲ့ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်ကို တန်ပြန်စစ်ကြောင်းထိုးနေတာဖြစ်သလို စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ နှစ်သောင်းကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။