နွားထိုးကြီးမြို့နယ် ပဲခင်းကြီးရွာက နေအိမ် ခြောက်ဆယ်ခန့် မီးရှို့ခံရ

RFA Burmese
2024.06.14
နွားထိုးကြီးမြို့နယ် ပဲခင်းကြီးရွာက နေအိမ် ခြောက်ဆယ်ခန့် မီးရှို့ခံရ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်း (အရှေ့) ရွာကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံနှင့် ကားများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မြောက်ဘက်ခြမ်းမှာရှိတဲ့ ပဲခင်းကြီးရွာကို ဇွန်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ခြောက်ဆယ်ခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ပဲခင်းကြီးရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ ကျောက်တန်းရွာကနေ အင်အား ရှစ်ဆယ်ခန့်နဲ့ ရွာကိုဝင်ရောက်မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပဲခင်းကြီးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့က ကျောက်တန်းကနေ နှစ်ဖွဲ့ဖြန့်ထွက်တာ။ ရွာကို မနက်အစောကြီးဝင်ပြီး မီးရှို့တာ။ ဒီဘက်မှာ စစ်ကြောင်းထိုးတယ်ဆိုကတည်းက ရွာမှာ လူမရှိတော့ဘူးလေ။ စစ်ကြောင်းက ညရှစ်နာရီလောက်မှ ရွာကနေထွက်တာ။ သူတို့က တစ်ရွာပြီးတစ်ရွာ ဝင်ထွက် ရှို့နေတာ"

စစ်ကြောင်းကြောင့် အိမ်ခြေ သုံးရာကျော်ရှိတဲ့ ပဲခင်းကြီးရွာခံ တစ်ထောင်ကျော်ဟာ လွန်ခဲ့တဲ့ တစ်ပတ်ခန့်ကစပြီး ရွာမှာမနေတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကပြောပါတယ်။

ဇွန်လ ၅ ရက်နေ့ကစလို့ နွားထိုးကြီးမြို့နယ်ကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းခွဲ ဝင်ရောက်စီးနင်းနေပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ နွားထိုးကြီးမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကြောင်းတွေဝင်လာစဉ် ဒေသခံတွေ အသတ်ခံရတာရှိနေပြီး ရွာကိုးရွာထက်မနည်း မီးရှို့ခံရတယ်လို့ ဆိုပါတယ်။ အဲဒီရွာတွေက ပျက်စီးသွားနေ အိမ်နေအရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ လက်ရှိမှာတော့ စစ်ကြောင်းတွေကြောင့် ရွာ ၁၃ ရွာခန့်က ဒေသခံ ခြောက်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုတာမရှိပါဘူး။

ဇွန်လ ၁၀ ရက်ကလည်း နွားထိုးကြီးမြို့နယ် ကုကုန်းရွာကို စစ်ကောင်စီတပ်က စီးနင်းမီးရှို့ခဲ့လို့ နေအိမ် ၆၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်မှုအခြေအနေတွေကို မှတ်တမ်းပြုစုနေတဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ကိုးသောင်းနီးပါး (၈၈,၃၇၃ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။