ဝက်လက်မှာ ရွာနှစ်ရွာ မီးရှို့ခံရပြီး သက်ကြီးရွယ်အို နှစ်ဦး သတ်ဖြတ်ခံရ

RFA Burmese
2023.03.01
Share on WhatsApp
Share on WhatsApp
ဝက်လက်မှာ ရွာနှစ်ရွာ မီးရှို့ခံရပြီး သက်ကြီးရွယ်အို နှစ်ဦး သတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံကျေးရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံဘူတာရွာနဲ့ ဘိုတဲရွာနှစ်ရွာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မီးရှို့ခံရပြီး အဲဒီရွာတွေက သက်ကြီးရွယ်အို နှစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက မုဆိုးခြုံဘူတာရွာက နေအိမ် ၅၉ လုံးနဲ့ ဘိုတဲရွာက နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဘိုတဲရွာက အသက် ၇၀ ကျော် အရွယ် ဒေါ်တင်လှက မပြေးနိုင်ဘဲ မီးထဲပါ သေဆုံးခဲ့ရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာအနောက်ဘက် ဘိုတဲရွာက အိမ်နှစ်လုံးကိုလည်း သွားရှို့သေးတယ်။ မီးရှို့တဲ့အချိန် မှာ အဲဒီ့အဘွားကြီးက သက်ကြီးရွယ်အိုဆိုတော့ ပစ်ထားခဲ့တဲ့အချိန်မှာ မီးလောင်တဲ့ အထဲ ပါသွားတာ။ ဒေါ်တင်လှတဲ့ အသက် ၇၀ ကျော်တယ်။ အဲဒီမီးလောင်တဲ့ နှစ်အိမ် ထဲမှာမှ ကံဆိုးပြီး ပါသွားတာ"

မတ်လ ၁ ရက် ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာတော့ စစ်ကြောင်းပြန်ထွက်ချိန် ရွာပြင်မှာတွေ့တဲ့ ဆိုင်ကယ်စီးလာသူ မုဆိုးခြုံဘူတာရွာသား အသက် ၆၀ အရွယ် ဦးမြင့်သန်းကို ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတဲ့အတွက် အိမ်ခြေတစ်ရာကျော်စီ ရှိကြတဲ့ မုဆိုးခြုံဘူတာရွာနဲ့ ဘိုတဲ ရွာနှစ်ရွာက ဒေသခံတစ်ထောင်ကျော်ဟာ ဒီနေ့အထိ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ တကောင်းမင်းရွာမှာ စစ်ကောင်စီ တပ်စစ်ကြောင်းက နေအိမ်တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်ကပစ်တဲ့ RPG ထိမှန်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်အထိ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေ ကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။