ပုလောမှာ စစ်ကြောင်းထိုး မီးရှို့နေလို့ ဒေသခံနှစ်ထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2024.10.29
ပုလောမှာ စစ်ကြောင်းထိုး မီးရှို့နေလို့ ဒေသခံနှစ်ထောင်ခန့် ထွက်ပြေးနေရ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ အောက်တိုဘာလ ၂၉ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်နေပြီး လူနှစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းက ကဒဲရွာကို ဝင်ရောက်စီးနင်းထားပြီး နှစ်ရက်ဆက်တိုက် မီးရှို့နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နဲ့ ၂၇ ရက် နှစ်ရက်လုံး ဆက်တိုက် မီးရှို့နေတာ။ မီးခိုးလုံးတွေ လှမ်းမြင်ရတယ်။ လက်ရှိ ကဒဲရွာမှာ စစ်ကောင်စီက တပ်စွဲထားလို့ အသေးစိတ်ကိုတော့ မသိရသေးဘူး"

စစ်ကြောင်းဝင်ရောက်နေတာကြောင့် ကဒဲ၊ ကြဲ၊ တပို၊ ဇရပ်ဆိပ် စတဲ့ ရွာတွေက ဒေသခံနှစ်ထောင်ခန့်လည်း ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။

စစ်ကြောင်းဝင်ရောက်လာချိန် အောက်တိုဘာလ ၂၆ ရက်နေ့မှာ သင်္ကန်းတောရွာနဲ့ ကဒဲရွာက အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကြားရပြီး အတည်မပြုနိုင်သေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ရွာတွေမှာ ရွာသားအားလုံး ထွက်ပြေးနေရတာရယ်၊ ဖုန်းလိုင်းဖြတ်ထားတာရယ်ကြောင့် အဆက်အသွယ် ပြတ်တောက်နေပါတယ်ဗျ။ အရေးပေါ် အခြေအနေမို့လို့ ဖြေကြားဖို့ အခက်အခဲတွေရှိပါတယ်"

ဒီနေ့မှာတော့ ပ၀တ်ကုန်းရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် ပုလောမြို့နယ် မီးလောင်အော်ရွာက နေအိမ် ၃၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တနင်္သာရီအခြေစိုက် အရပ်ဘက်အဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာတစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးစီးနင်းမှုတွေကြောင့် လူပေါင်း ၅၉,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ FE5 Tanintharyi တာဝန်ရှိသူတွေက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။