စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၂ ရက် ညနေပိုင်းမှာ လေကြောင်းနဲ့ ကြည်းကြောင်း နှစ်ဘက် ညှပ်ပိတ်စီးနင်း တိုက်ခိုက်တာကြောင့် လူ သုံးဦး သေဆုံးခဲ့ပြီး နေအိမ် ၄၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ဇူလိုင်လ ၁၂ ရက် နေ့လယ်ပိုင်းမှာ ယင်းမာပင်မြို့ပေါ်ကနေ လေးရွာနဲ့ ရွာထောင်ရွာဘက်ကို စစ်ကြောင်း ထိုးလာချိန် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တာပါ။
အဲဒီနောက် ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
လေကြောင်းက တိုက်ခိုက်ရေး ရဟတ်ယာဉ်အကူအညီနဲ့ ဆက်လက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ညနေ ၅ နာရီကျော်မှာတော့ မြို့ကြီးရွာကို စီးနင်းမီးရှို့တာကြောင့် နေအိမ် ၄၁ လုံး မီးလောင်ပျက်စီးခဲ့သလို ရွာထဲကမပြေးနိုင်တဲ့ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရဟတ်ယာဉ်က အပေါ်ကဝဲပြီး မြေပြင်ကအဖွဲ့တွေက ဝင်စီးတာပေါ့။ ညနေပိုင်းမှာ မြို့ကြီးရွာကို မီးရှို့တယ်။ အဲဒီမှာ မပြေးနိုင်တဲ့ သက်ကြီးအမျိုးသမီးတစ်ဦးရဲ့ အလောင်းကို မီးလောင်ထားတဲ့ အိမ်တစ်ခုထဲမှာ တွေ့ရတာ"
တိုက်ခိုက်ရေးရဟတ်ယာဉ်က မြို့ကြီးရွာအနီးက မြောက်နုံးရွာဘက်ကိုလည်း လေကြောင်းကနေပစ်ခတ်လို့ အဆောက်အအုံတစ်ချို့ ထိခိုက်ပျက်စီးတာရှိတယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးစီးနင်းမှုတွေကြောင့် လေးရွာ၊ ရွာထောင်၊ မြေကျက်ဆူ၊ မြို့ကြီးနဲ့ မြောက်နုံးရွာတွေက အရပ်သား သုံးထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ လေးရွာနဲ့ ရွာထောင်ရွာမှာ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဇူလိုင်လ ၉ ရက်နေ့ကလည်း ယင်းမာပင်မြို့ပေါ်ကနေထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းနှစ်နှစ်အတွင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၅၃,၈၁၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့တယ်လို့ ဖော်ပြပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။