စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲမှာ ဇူလိုင်လ ၆ ရက်နေ့ကနေ ဇူလိုင်လ ၁၇ ရက်နေ့အထိ နှစ်ပတ်နီးပါးအတွင်း ရွာပေါင်းခြောက်ရွာက အိမ်ခြေ ခြောက်ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူးမန္တလေးရွာက နေအိမ်အလုံး ၈၀၊ မဲနောရွာက ၅၅ လုံး၊ ဂုံညင်းဆိပ်ရွာက ၁၈၇ လုံး၊ ငါးကင်း (တောင်) ရွာ၊ ငါးကင်းရွာမနဲ့ ငါးကင်း (မြောက်) ရွာ စတဲ့ ရွာသုံးရွာက နေအိမ် သုံးရာဝန်းကျင်ဟာ စစ်ကောင်စီ တပ် စစ်ကြောင်းတစ်လျှောက် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၁၇ ရက် ညနေပိုင်းက မူးမန္တလေးရွာအနီးမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက် အိမ်ခြေသုံးရာဝန်းကျင်ရှိတဲ့ မူးမန္တလေးရွာက နေအိမ် ၈၀ ဝန်းကျင် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မူလအိမ်ခြေက သုံးရာပတ်ချာလည်လောက်ရှိပါတယ်။ ပါသွားတာတော့ ခန့်မှန်း တစ်ရာဝန်းကျင်လောက် ရှိနိုင်တယ်ဗျ။ နယ်မြေက သိပ်မရှင်းသေးလို့ စစ်ကြောင်းနဲ့ မလွတ်သေးလို့ မီးသတ်ပြီးပဲ ပြန်ထွက်လာခဲ့ကြရတာ"
အင်အား ၁၅၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၆ ရက်နေ့ကလည်း အိမ်ခြေလေးရာကျော်ရှိတဲ့ မဲနောရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မြင်းမူမြို့နယ်ထဲကို ဇူလိုင်လ ၆ ရက်နေ့ကစလို့ စစ်ကြောင်းထိုးခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့မှာ ဂုံညင်းဆိပ်ရွာကနေအိမ် ၁၈၇ အိမ်၊ ငါးကင်း (တောင်) ရွာ၊ ငါးကင်းရွာမနဲ့ ငါးကင်း (မြောက်) ရွာ စတဲ့ရွာသုံးရွာက နေအိမ်သုံးရာဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းတစ်လျှောက် မကျည်းကန်ရွာက ဒေသခံ လေးဦး၊ ညောင်ခြေထောက်ရွာ ဒေသခံသုံးဦး၊ ဆပ်ပြာကျင်းရွာ ဒေသခံတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ခွက်ခွင်းရွာက ဒေသခံနှစ်ဦးနဲ့ ညောင်ပင်ရွာက ဒေသခံနှစ်ဦးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် မူးမန္တလေးရွာက ဒေသခံနှစ်ထောင်ဝန်းကျင်အပါအဝင် အနီးနားရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။