ဘုတလင်မြို့ ရွှေတောင်ရွာ မီးရှို့ခံရပြီး သက်ကြီးရွယ်အို နှစ်ဦး သေဆုံး

RFA Burmese
2023.01.03
ဘုတလင်မြို့ ရွှေတောင်ရွာ မီးရှို့ခံရပြီး သက်ကြီးရွယ်အို နှစ်ဦး သေဆုံး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရွှေတောင်ရွာမှ နေအိမ်တချို့ကို တွေ့ရစဉ်။
Chin Cable Network Channel

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရွှေတောင်ရွာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့ မနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်မီးရှို့တာ‌ကြောင့် နေအိမ် ၁၃ လုံး မီးလောင်ခဲ့ပြီး သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒုတိယအကြိမ် မီးရှို့ခံရတာဖြစ်ပြီး မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုနှစ်ဦး ‌မီးလောင်တဲ့အထဲ ပါသွားတာလို့ ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆက်သွယ်ရေးတာဝန်ခံ ကိုမင်းက RFA ကို ပြောပါတယ်။

"အိမ်ခြေကတော့ ၁၃ လုံး လောင်သွားတယ်။ ပြည်သူ အသက် ၉၂ အရွယ် ဒုက္ခိတဖြစ်တဲ့ အဘိုးကြီးတစ်ယောက်ရယ်။ အသက် ၁၀၀ ကျော်နေတဲ့ မလှုပ်ရှားနိုင်တော့တဲ့ အဘိုးကြီး တစ်ယောက်ရယ် မီးလောင်ကျွမ်းတဲ့အထဲ ပါသွားတာပေါ့လေ။ ကျနော်တို့ ရဲဘော်တစ်ဦး ကျဆုံးသွားတယ်။ သူကတော့ တောထဲမှာ ကင်းထောက်ရင်းနဲ့ မိသွားတဲ့သဘောပေါ့"

မီးလောင်သေဆုံးတဲ့ နှစ်ဦးထဲက တစ်ဦးဟာ ရွှေတောင်ရွာကို ပထမအကြိမ် မီးလာရှို့ချိန် ကလည်း သူ့အနေနဲ့ မပြေးနိုင်လို့ သူ့အိမ်ကို မီးမရှို့ဖို့ တောင်းပန်ခဲ့သူဖြစ်တယ်လို့ ကိုမင်းက ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ရွာရှည်ရွာဘက်ကနေ ရွှေတောင်ရွာကို ပတ်ဝင်လာပြီး အိမ်တွေကို မီးရှို့ခဲ့ပြီးနောက် ဘုတလင်ရဲစခန်းကို ပြန်ဝင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုမီးရှို့တဲ့စစ်ကြောင်းဟာ ဘုတလင်မြို့ပေါ်ကို အင်အားဖြည့်ဖို့ရောက်နေတဲ့ ရန်ကုန် လေကြောင်းလုံခြုံရေးတပ်ရင်းကဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဘုတလင်မြို့နယ်ဟာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသလို စစ်ကောင်စီတပ်‌တွေ စစ်ကြောင်းထိုးလာရင် ဖုန်းလိုင်းတွေပါ ထပ်ပြီးဖြတ်တောက်ခံရလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလွင်ကတော့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို သူ့အနေနဲ့မသိတာကြောင့် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးကိုသာ ဆက်သွယ်မေးမြန်းဖို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အိမ်တွေကိုမီးရှို့တာ သူတို့တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ RFA ကို ငြင်းဆိုထားဖူးပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၇၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။