အုတ်ဖိုနဲ့ ကြို့ပင်ကောက်မြို့နယ်အစပ်က ရွာသုံးရွာ မီးရှို့ခံရ
2024.10.24
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်နဲ့ အုတ်ဖိုမြို့နယ်အစပ်မှာရှိတဲ့ ကန့်နီ၊ ဆင်တဲကုန်းနဲ့ တံငါကုန်းရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဝင်ရောက်မီးရှို့ပြီး အမျိုးသမီးတချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က အမျိုးသမီး ခြောက်ဦးကို ဖမ်းဆီးထားပြီးနောက် ငါးဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ တစ်ဦးကတော့ ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ အုတ်ဖိုမြို့နယ် မြေအောက်ပြောက်ကျားတပ်ဖွဲ့က ကိုဒေဝက ပြောပါတယ်။
"အင်းမ တပ်မ ၆၆ လက်အောက်ခံတပ်တွေ ပေါင်းစုလာတာပါ။ အနီးအနားက ဆင်တဲကုန်းရွာ၊ ကန့်နီရွာ၊ တံငါကုန်းရွာ အကုန်မနေရဲတော့ဘဲ အိုးအိမ်မဲ့ ဖြစ်ကုန်တာပေါ့။ အမျိုးသမီး ခြောက်ဦးကိုလည်း လူသားဒိုင်းအဖြစ် ဝိုင်း ရဲစခန်းကို ဖမ်းခေါ်သွားတယ်။ မနေ့က ညနေကတော့ ငါးဦးပြန်လွှတ်ပြီး တစ်ယောက်ကို ခုထိပြန်မလွှတ်သေးဘူးဗျ"
စစ်ကောင်စီတပ်ဟာ အဲဒီရွာတွေအနီးက ဂမုန်းဆည်ပေါ်ရှိ ရှင်းလင်းဆောင် အနီးတစ်၀ိုက်မှာလည်း နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ သူက ပြောပါတယ်။ အဲဒီရွာတွေက မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ်အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ပဲခူးတိုင်း လက်ပံတန်းမြို့နယ်က အုတ်ဖိုစုရွာနဲ့ ရေငံရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်နှစ်ရာခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားတွေရဲ့ နေအိမ် တစ်သိန်းကျော် (၁၀၁,၄၆၃ လုံး) ပျက်စီးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar က စက်တင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။