ချောက်မှာ ရွာနှစ်ရွာ မီးရှို့ခံရပြီး လူတစ်သောင်းခန့် ထွက်ပြေးနေရ
2024.10.28
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစီးနင်းပြီး ရွာနှစ်ရွာကို မီးရှို့ခဲ့သလို လေကြောင်းကနေလည်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတာကြောင့် ရွာဆယ်ရွာထက်မနည်းက လူတစ်သောင်းခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၂၈ ရက်နေ့မှာ ပြောပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့က နရွဲတောနဲ့ ရွာမရွာက နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပြီး အဲဒီရွာနှစ်ရွာ အပါအဝင် အနီးအနားမှာရှိတဲ့ ကတိုင်၊ စမ်းရေယာဉ်၊ ညောင်ပင်စမ်း၊ ဆယ်ကန်၊ ညောင်ဇင် စတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပြီး တိုက်ခိုက်ရေးဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတာတွေလည်း ရှိတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့ နရွဲတောရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"အခုကျွန်တော်တို့ ရှောင်နေရတာနော်။ လေယာဥ်တွေပါ ပစ်ကူပေးနေတာဗျ။ ရွာမရော၊ ကျွန်တော်တို့ရွာရော မီးရှို့ခံရတယ်။ ကျွန်တော်တို့က အခုထိ ရွာထဲ မကပ်ရဲတော့ ဘေးတွေမှာ၊ တောထဲတွေမှာ ရှောင်ပြေးနေရတယ်"
ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး ရွာကိုပြန်မကပ်နိုင်သေးတာကြောင့် နေအိမ်ဘယ်လောက် မီးလောင်ဆုံးရှုံးတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။
အဲဒီစစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ခုခံတိုက်ခိုက်နေပြီး အင်အားများတယ်လို့ ချောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
"စစ်ကြောင်းထိုးနေတာက သုံး လေးရက်လောက် ရှိနေပြီ။ အင်အားတော်တော်များတယ်၊ လေး ငါးရာလောက် ပါတယ်"
ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ချောက်မြို့နယ်၊ ရွာမရွာမှာ မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ ချောက်ဒေသကာကွယ်ရေးဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရမိတယ်လို့ ရေးသားဖော်ပြတယ်။
ချောက်မြို့နယ်အပြင် မကွေးတိုင်းထဲက ထီးလင်းနဲ့ ပခုက္ကူမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစီးနင်းတာတွေရှိနေပြီး အောက်တိုဘာလ ၂၆ ရက်နေ့ကတော့ ထီးလင်းမြို့နယ်၊ ကျားခဲရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် အမျိုးသား ငါးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။