လက်နက်ကြီးကျည်ကြောင့် ဘူးသီးတောင် နေအိမ်တချို့ မီးလောင်

0:00 / 0:00

ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာမှာ မနေ့က လက်နက်ကြီးကျည် သုံးလုံး ကျရောက် ပေါက်ကွဲလို့ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သလို ဒီနေ့မနက်ကလည်း လက်နက်ကြီးကျည်တွေ ထပ်မံ ကျရောက်လို့ နောက်ထပ် နေအိမ် နှစ်လုံး မီးလောင်ကာ ဒေသခံတွေ ထွက်ပြေးနေကြပါတယ်။

ဆင်သေပြင်ရွာက ဒေသခံ ၁၀၀ ကျော်ဟာ ထိပ်ထူးပေါက် မွတ်စလင်ကျေးရွာဘက်ကို ထွက်ပြေးနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

၉ နာရီလောက်က ၃၁ က လက်နက်ကြီးတွေနဲ့ ပစ်လို့ အိမ် နှစ်လုံးမီးလောင်သွားပါတယ် တိုက်ပွဲတွေဖြစ်တာ မရှိပါဘူး။ ကျေးရွာသားတွေက ထိပ်ထူးပေါက်ဘက်ကို ထွက်ပြေးနေကြရတယ်။

လက်နက်ကြီးကျည်လာတဲ့ လမ်းကြောင်းဟာ ဆင်သေပြင်ကျေးရွာအနီးက ၃၁ ဘုံ ဘုရားကုန်းပေါ် ကနေဖြစ်ပြီး ဘယ်အဖွဲ့က ပစ်ခတ်တာလဲဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံတွေ က ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ဆင်သေပြင်ရွာဘက်မှာ မီးလောင်နေတယ် ဆိုတာကိုတော့ ကြားသိရပြီး မြေပြင်အနေအထား အသေးစိတ်ကို မသိရသေးကြောင်း ပြောပါတယ်။

၃၁ ဘုံဘုရားကုန်းမှာ တပ်မတော် တပ်စွဲထားတာ ရှိလားလို့ RFA က မေးမြန်းရာမှာတော့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး တုံ့ပြန်ပြောတာက ---

" သေချာတာတစ်ခုက အဲနားမှာ ကျနော်တို့တပ်တွေမရှိဘူး ကျနော်တို့တပ်တွေက အောက်ဘက်ကို ရောက်နေတယ်။ မီးလောင်တာ ကြားတော့ ကြားတယ်၊ မြေပြင်သတင်းကတော့ စုံစမ်းနေတုန်းပဲရှိသေးတယ်၊ အဲဒီနားမှာ နယ်မြေလှုပ်ရှား ရှင်းလင်းနေတာတော့ရှိတယ်၊ တပ်စွဲတာတော့မရှိဘူး ရှင်းလင်းရေး လုပ်နေတာတော့ ရှိတယ်။ "

ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဒီနေ့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

ဆင်သေပြင် မွတ်စလင်ကျေးရွာအနီးက ရခိုင်ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသွားကြတာဖြစ်ပါတယ်။ အဲဒီအနီးတဝိုက်မှာ မွတ်စလင်ကျေးရွာတွေသာ ကျန်ရှိနေတာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

ရခိုင်ရွာ တစ်ရွာမှ မရှိတော့ဘူး၊ အဲဒီဘက်မှာ ဘင်္ဂလီ ဆင်သေပြင်ရွာ တစ်ရွာပဲရှိတယ်

“ရခိုင်ရွာ တစ်ရွာမှ မရှိတော့ဘူး၊ အဲဒီဘက်မှာ ဘင်္ဂလီ ဆင်သေပြင်ရွာ တစ်ရွာပဲရှိတယ်။ ရခိုင်တွေ ပြေးသွားတာ ကြာပြီ ဥယာဉ်သာ၊ နယုန်တောင် အဲ့ရွာတွေက ပြေးသွားတာ ကြာပြီ။”

ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်နှစ်ဝန်းကျင်ရှိနေပါပြီ။

အဲဒီတိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်မှာဆိုရင် နေရပ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခသည်စခန်းတွေကို ရောက်ရှိနေကြတဲ့ စစ်ရှောင် ၄၅၀၀ ခန့် ရှိသလို စခန်းတွေဆီမရောက်ဘဲ ထွက်ပြေးနေရသူ တစ်သောင်းဝန်းကျင် ရှိတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် ဒုက္ခသည်တွေ အကူအညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC စာရင်းတွေအရ သိရပါတယ်။