ဘူးသီးတောင်က နေအိမ်တွေမှာ အိမ်ထောင်စုစာရင်းနဲ့ မိသားစုဓာတ်ပုံတွေ ကပ်ထားဖို့ ထုတ်ပြန်
2018.12.22
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းက ရပ်ကွက်/ကျေးရွာတွေမှာ နေထိုင်ကြသူတွေအနေနဲ့ နေအိမ် တွေမှာ မိသားစုဓါတ်ပုံတစ်ပုံနဲ့ အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူ ၁ စောင်စီ ကပ်ထားကြဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြဖို့ ညွှန်ကြားချက်ထုတ်ထားတာလို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း က RFA ကို ပြောပါတယ်။
သက်ဆိုင်ရာ ခရိုင်/မြို့နယ်တွေအလိုက် ကားလမ်းမတွေတစ်လျှောက် တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ ပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေး အဖွဲ့တွေကနေ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေးအတွက် အိမ်ထောင်စု တစ်ခုချင်းအလိုက် အသေးစိတ် စိစစ်စစ်ဆေးဖို့အတွက် နေအိမ်တွေမှာ မိသားစုဓါတ်ပုံတစ်ပုံနဲ့ အိမ်ထောင်စုလူဦးရေ စာရင်းမိတ္တူ ၁ စောင်စီ ကပ်ထားကြဖို့ ညွှန်ကြားတာဖြစ်ပါတယ်။
ဒီညွန်ကြားချက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးက ညွှန်ကြားချက်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ပူးပေါင်းအဖွဲ့တွေက ရပ်ကွက်ကျေးရွာတွေအတွင်း လိုက်လံစစ်ဆေးတဲ့အခါ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးကြဖို့လည်း မြို့နယ်အုပ်ချုပ်ရေးက ညွှန်ကြားထားပါတယ်။
အဲဒီညွှန်ကြားချက်တွေကို ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာတွေရဲ့ အများပြည်သူ မြင်သာတဲ့ နေရာမှာ လိုက်ကပ်ထားတာကိုလည်း တွေ့ရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။