ဘူးသီးတောင်ပေါက်ကွဲမှု ကလေးလေးဦး သေဆုံး

2020-01-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျေးရွာမှာ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့  ရွာသားတစ်ဦးကို သယ်ဆောင်လာစဉ်
ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျေးရွာမှာ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရွာသားတစ်ဦးကို သယ်ဆောင်လာစဉ်
Photo: CJ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်မွတ်ဆလင်ကျေးရွာမှာ ဒီနေ့မနက်က ပေါက်ကွဲမှု တစ်ခုဖြစ်လို့ ကလေး  လေးဦး ပွဲချင်းပြီးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက် မွတ်ဆလင်ကျေးရွာနားက တောင်ကုန်းမှာ ဒီနေ့မနက် ၁၀ နာရီခွဲလောက်က ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာဖြစ်သူ အာလီကူဟာရ်က ကလေးတွေနဲ့အတူ စာသင်ကျောင်း အနီးက တောင်ပေါ်ကို ထင်းရှာဖို့တက်စဉ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ကျေးရွာသားတွေကပြောပါ တယ်။

အဲဒီပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ယာစိန်အုလ္လာနဲ့ အဒူရော်မာန်၊ အသက် ရှစ်နှစ် အရွယ်တွေ ဖြစ်ကြတဲ့ မာမတ်အာမိန်နဲ့ အာရောဖ်အုလ္လာတို့ ကလေး ‌လေးဦးပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ကျောင်းဆရာအပါအဝင် ဒဏ်ရာရသူ ခြောက်ဦးကိုတော့ ဘူးသီးတောင် ပြည်သူ့ဆေးရုံကြီးကိုအရေးပေါ် ပို့ဆောင် လိုက်ရပါတယ်။

အခုပေါက်ကွဲမှုဟာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာလား၊ မိုင်းပေါက်ကွဲတာလား ဆိုတာကို တိတိကျကျ မသိရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူကြီးပိုင်းအရွယ် ကျေးရွာသားတစ်ဦးက ပြောပါတယ်။

“ကလေး လေးယောက် သေဆုံးတယ်။ ကျန်တဲ့လူနာတွေကို ဘူးသီးတောင်ဆေးရုံကို ယူသွားပါတယ်။ ဆုံးတဲ့ကလေးတွေက ပေါက်ကွဲတဲ့နေရာမှာပဲ ဆုံးသွားကြတာ။ တပ်မတော်ကလုပ်တာလား၊ AA က လုပ်တာလားဆိုတာကို ကျွန်တော်တို့ မပြောပြတတ်ပါဘူး။ ဖြစ်စဉ်နဲ့ပတ်သက်လို့ တစ်ချို့လူတွေက လက်နက်ကြီးကျတာလို့ ယူဆသလို တစ်ချို့ကလည်း မိုင်းပေါက်တာလို့ ယူဆနေကြတယ်”

ဆေးရုံကို ပို့ဆောင်လိုက်ရတဲ့ ခြောက်ဦး ထဲက နှစ်ဦးဟာလည်း ဒဏ်ရာပြင်းထန်တဲ့အတွက် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ တောင်ကုန်းဟာ ရွာနဲ့ ကပ်လျက်ရှိနေတာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ကျယ်လောင်တဲ့ ပေါက်ကွဲသံ တစ်ချက်ထွက်လာပြီးနောက် ကလေးတွေ သေဆုံး၊ ဒဏ်ရာရတာကို သိခဲ့ကြတာလို့ပြောပါတယ်။

“မနက် ၁၀ နာရီ ခွဲလောက်မှာ ကျွန်တော်တို့ ရွာထဲက ဆိုင်မှာနေတုန်း ပေါက်ကွဲသံတစ်ခုကြားရတယ်။ ပေါက်သံကြားတာက ရွာနောက်ဘက်လမ်း တောင်ကုန်းကနေ ကြားတာ။ ရွာနဲ့ဆို မဝေးဘူးဗျ။ နီးနီးလေးပါ”


ပေါက်ကွဲမှုဖြစ်တဲ့ တောင်မှာ ပြီးခဲ့တဲ့ တစ်လကျော်လောက်က တပ်မတော် စစ်ကြောင်းတစ်ခု စခန်းချ နေထိုင်ခဲ့ပြီး အခုတော့ ရွာနားက အခြားတောင်ကုန်းတစ်ခုမှာ စခန်းချနေကြတယ်လို့ ရွာသားတွေက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နေရာကို အဲဒီ တပ်မတော်စစ်ကြောင်း တာဝန်ရှိသူတွေက လာရောက်စစ်ဆေးခဲ့တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါ တယ်။

“တပ်ကလာပြီးတော့ စစ်ဆေးကြပါတယ်။ ဘယ်လို ပေါက်ကွဲတာလဲ ဆိုတာကိုပေါ့။ စစ်ဆေးပြီးတော့ သူတို့စခန်းချနေတဲ့ တောင်ကုန်းကို ပြန်သွားကြတယ်”


ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက အခုလိုပြောပါတယ်။

“ဒီကိစ္စကတော့ ကျွန်တော်တို့နဲ့ ပတ်သက်မှုမရှိဘူးဗျ။ အရင်ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေအရဆိုရင် မြန်မာစစ်တပ်က သူတို့ရောက်တဲ့နေရာမှာ အမြဲ တမ်းမိုင်းတွေကို ထောင်ထားတာရှိတယ် သူတို့ရဲ့ လုံခြုံရေးအတွက်ပေါ့နော်။ အဲဒီမိုင်းတွေကို သူတိုပြန်ခါနီးကျရင် တစ်ခါတစ်လေ မဖော်ဘဲထားခဲ့တဲ့ ဥစ္စာတွေများတယ်ဗျ။ ဆိုတော့ အဲဒီဥစ္စာတွေက ရွာသားတွေကို ဒါထိခိုက်တာ ဖြစ်နိုင်တာပေါ့နော်”

AA အဖွဲ့က စွပ်စွဲချက်အပြင် အခင်းဖြစ်နေရာကို တပ်မတော်က သွားရောက် စစ်ဆေးခဲ့တဲ့ တွေ့ရှိချက်နဲ့ ပတ်သက်ပြီး သိနိုင်ဖို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဒီနေ့ နေ့လယ်မှာ RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အခုလိုပြောပါတယ်။

“ကျွန်တော်တို့ သွားစစ်ပြီး တွေ့တာကတော့ မိုင်းတစ်လုံးပဲလို့ ယူဆတယ်။ ကြီးမားတဲ့မိုင်းလို့ယူဆတယ်။ ကြီးမားတယ်လို့ ယူဆတာက သူတို့ထောင်နေကျ မိုင်းအမျိုးအစားပဲပေါ့။ ကျွန်တော်တို့ ခဏခဏသတင်းထုတ် ပြန်ခဲ့တာလည်းရှိတယ်။ ရန်ကုန်-စစ်တွေ ကားလမ်းမကြီးမှာ ထောင်နေတဲ့ မိုင်းအမျိုးအစားတွေလို့ပဲ ယူဆတယ်။ ကော်ပုံးကြီးကြီးမားမားထဲမှာ ယမ်းတွေ၊ သံစတွေ ထည့်ထားပြီးတော့မှ နင်းမိအောင်လုပ်ထားတဲ့ မိုင်းအမျိုးအစား ဒါမှမဟုတ် တိုက်မိအောင်လုပ်ထားတဲ့ မိုင်းအမျိုးအစား ပုံစံမျိုးဖြစ်နေတယ်။ တပ်မတော်စစ်ကြောင်းက အဲဒီမှာ နေခဲ့ဖူးတာတောင်မရှိဘူး”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၉ တစ်နှစ်တာ ကာလမှာ လက်နက်ကျည်တွေကြောင့် သေဆုံးတာ ၉၀ ဝန်းကျင်နဲ့ ဒဏ်ရာရတာ ၁၈၀ ကျော်အထိရှိခဲ့ပြီး အခု ၂၀၂၀ နှစ်ဆန်းမှာပဲ သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် ထပ်တိုးလာတာလည်း ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့