တရုတ်မှာ ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမား တစ်ဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ
2024.11.05
တရုတ်နိုင်ငံ ကျန်ဖုန်းမြို့မှာ နိုဝင်ဘာလ ၄ ရက်နေ့က မြန်မာအလုပ်သမားတွေလိုက်ပါလာတဲ့ ကားတစ်စီး တိမ်းမှောက်တာကြောင့် တစ်ဦး သေဆုံးပြီး နောက်တပ် မြန်မာအလုပ်သမား ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရွှေလီနယ်စပ်မှာ နေထိုင်သူတွေက ပြောပါတယ်။
ရွှေလီမြို့နဲ့ ကျန်ဖုန်းမြို့ကြားက မုန်းတက်ရွာအနီးမှာ ကားဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသွားသူဟာ နမ့်ခမ်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် လွေးအီခမ်း ဖြစ်တယ်လို့ ရွှေလီနယ်စပ်မှာနေထိုင်တဲ့ အလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
"ကားမှာပါတဲ့ ကိုးယောက်မှာ တစ်ယောက် ဆုံးသွားတယ်။ သူကနမ့်ခမ်းက။ သူတို့ကို ကူညီပေးတာက ရွှေလီထဲက ပရဟိတအဖွဲ့တွေက ကူညီပေးတာပါ။ ဖြစ်စဉ်အသေးစိတ်ကိုတော့ ကျွန်တော်တို့ မသိရသေးဘူးဗျ"
ဒဏ်ရာရသူတွေထဲက အများစုဟာ နမ့်ခမ်းမြို့နယ်အတွင်းကနေ တရုတ်နိုင်ငံအတွင်းကို သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ တအာင်းတိုင်းရင်းသားတွေ ဖြစ်ပါတယ်။
ဒဏ်ရာရသူရှစ်ဦးထဲမှာ လေးဦးက ဒဏ်ရာပြင်းထန်ပြီး သူတို့ကို ရွှေလီအခြေစိုက် တအာင်းပရဟိတအဖွဲ့တွေက ကျန်ဖုန်းမြို့ ဆေးရုံကို ပို့ဆောင်ကူညီပေးထားတယ်လို့ ရွှေလီနယ်စပ်မှာ နေထိုင်သူတွေက ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တရုတ်နိုင်ငံအတွင်း အလုပ်သွားရောက် လုပ်ကိုင်ဖို့ ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ်လိုလို စောင့်ဆိုင်နေကြရပြီး အခုရက်ပိုင်း တရုတ်ဘက်က တင်းကျပ်မှုတွေကြောင့် အလုပ်သမားအများစု အလုပ်အကိုင် မရကြတာတွေလည်းရှိတယ်လို့ မူဆယ် အခြေစိုက်အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။