ပုလောမြို့နယ်က CDM လ/ထပညာရေးမှူး ကားတိုက်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း ပုလောမြို့နယ်က အကြမ်းမဖက် အာဏာရှင်ဖီဆန်ရေး CDM လုပ်ထားတဲ့ လက်ထောက် ပညာရေးမှူး ဦးသာဝင်း ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ညက ကားတိုက်ခံရလို့ သေဆုံးခဲ့ပါတယ်။

အဲဒီည ၇ နာရီခန့်က ချပ်ပုံရွာအဝင်မှာ ဦးသာဝင်းနဲ့ စကားရပ်ပြောနေတဲ့ အမျိုးသမီး သုံးယောက်ကို ဦးသန်းရှိန် က ကားနဲ့ဝင်တိုက် ထွက်ပြေးသွားတာမို့ လုပ်ကြံခံရတာပဲလို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"မျက်မြင်သက်သေတွေက ပြောလာတာကတော့ တမင်တိုက်သွားတာပါတဲ့။ ကားဘီးပေါက်တယ် ဘာဖြစ်တယ်ဆိုပြီး ကားနဲ့တိုက်သတ်တာတွေက ခဏခဏပဲလေ ရန်ကုန်မှာလည်းဖြစ်သွားတာပဲ။ အခုလည်း သူတို့က မူးမူးနဲ့ အကုန်တိုက်မိသွားတဲ့ပုံစံမျိုး သတင်းတွေ လွှင့်နေပေမဲ့ ဒီကလူတွေက သူပုဂ္ဂိုလ်ရေးအရ တမင်လုပ်တာလို့ပဲ မြင်ကြတယ်"

ကားနဲ့တိုက်ခဲ့သူ ဦးသန်းရှိန်ဟာ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်သူဖြစ်ပြီး အဲဒီကားဟာ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ကနေ ဝယ်ထားတာလို့လည်း ပြောကြပါတယ်။

CDM လုပ်ထားတဲ့သူတွေရဲ့စာရင်းကို ဦးသာဝင်းဆီကနေ ဦးသန်းလှိုင်က တောင်းခဲ့ဖူးပြီး ဦးသာဝင်း ကတော့ မပေးခဲ့ဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။

အဲဒီဖြစ်စဉ်တွေကို RFA က သီးခြားအတည်ပြုချက် မရသေးသလို မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစား နေပါတယ်။

လက်ရှိအချိန်မှာ ဦးသန်းရှိန်ကို ဖမ်းထားပြီး အချုပ်ထဲမှာမဟုတ်ဘဲ စရဖ ရုံးမှာ ခေါ်ထားတာလို့ ဒေသခံ တွေက ဆိုပါတယ်။

ကားတိုက်ခံရလို့ သေဆုံးခဲ့တဲ့အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပြီးပြီးချင်း ထုတ်မပေးဘဲ နာရေးအသင်းကရော မိသားစုကပါ အလောင်းသွားတောင်းချိန်မှာ အလံဖြူတင်ပြီး သွားတောင်းခဲ့ရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကတော့ ဦးသာဝင်း လုပ်ကြံခံရတဲ့အမှုကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဒီဇင်ဘာ ၁၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

ဦးသာဝင်းရဲ့နာရေးကို ဒီဇင်ဘာ ၁၄ ရက် ဒီနေ့ပြုလုပ်ခဲ့ပြီး သေဆုံးချိန်မှာ အသက် ၅၆ နှစ် လူပျိုကြီးဖြစ်ပြီး နှစ်မ နှစ်ယောက်မှာ တစ်ယောက်မှာ ဆွံအ မသန်စွမ်းတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။