နေပြည်တော်မှာ ဒီနေ့ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးတဲ့ ခြောက်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။
အခုလို တက်ရောက်တာဟာ အပစ်ရပ်အဖွဲ့တွေရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့က အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေမလုပ်ဘူးလို့ ပြောဆိုခဲ့တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ချက်နဲ့ ကွဲလွဲနေပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းကတော့ စစ်ကောင်စီဟာ အကြမ်းဖက် အာဏာသိမ်းထားတာကြောင့် နိုင်ငံရေးအရ ဆွေးနွေးမှုမလုပ်ဘူးလို့ ထုတ်ပြန်ခဲ့ပေမယ့် လက်ရှိ မြန်မာနိုင်ငံ ပြဿနာကိုတော့ ဆွေးနွေးရေးနဲ့ အဖြေရှာဖို့ PPST အစည်းအဝေးက ဒီနေ့ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။
"ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီက အာဏာသိမ်းပြီးတော့ ၂ ရက်နေ့မှာ ကျွန်တော်တို့ PPST က တရားဝင် ကြေညာတယ်။ အဲဒါကတော့ စစ်ကောင်စီဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ မဖြေရှင်းဘဲနဲ့ အင်အားသုံးဖြေရှင်းခဲ့တာကို ကျွန်တော်တို့ ဆန့်ကျင်ကန့်ကွက်တယ်။ စစ်ကောင်စီနဲ့ ကျွန်တော်တို့ နိုင်ငံရေး မဆွေးနွေးဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့ အစိုးရနဲ့ လွှတ်တော်ရှိမှလည်း NCA က ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်ကောင်စီ နဲ့ နိုင်ငံရေးမဆွေးနွေးဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။ အခု ဒီနေ့ ကြေညာချက်မှာပါတဲ့ သက်ဆိုင်သူအားလုံး နဲ့ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးအဖြေရှာမယ်ဆိုတာကတော့ လက်ရှိကျွန်တော်တို့ တိုင်းပြည်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်း အပါအဝင် အထွေထွေ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ အတွက်ဖြစ်ပါတယ်"
PPST ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း စစ်ရေးနည်းလမ်းဟာ အဖြေ မဟုတ်တာကြောင့် စေ့စပ်ဆွေးနွေးရေး ကိုရွေးချယ်ခဲ့တာလို့ RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ကတော့ လူအသေအပျောက် သွေးမြေကျတဲ့ဟာတွေကို မကြိုက်ဘူးဗျ။ ကျွန်တော်တို့ နှစ် ၇၀ ရှိပြီ။ အဲဒီလိုလုပ်လာတာ။ အဲဒီဟာတွေက အဖြေမဟုတ်ဘူးဆိုတာ တွေ့လာတော့ ကျွန်တော်တို့ ကတော့ အခုတက်ကြွနေတဲ့ လူတွေကိုတော့ မပြောချင်ဘူး။ သူတို့က ခြောက်လလောက်ပဲ ရှိသေးတာကိုး အတွေ့အကြုံက။ သုံးလ၊ ခြောက်လဆိုတော့ အတက်ကြွဆုံးပေါ့။ သုံးနှစ်၊ ခြောက်နှစ်လောက်ဆိုရင်တော့ ဘယ်လိုဖြစ်လာမလဲ ကျွန်တော်တို့ မသိဘူး"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က တစ်နိုင်ငံလုံး လူထုခုခံစစ် ကြေညာပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဒီခုခံစစ်မှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။ ဒီအပေါ်မှာ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေက အာဏာသိမ်းမှု အကျပ်အတည်းကို စစ်ရေးနည်းနဲ့ တုံ့ပြန်ဖြေရှင်းဖို့ ဆန္ဒမရှိဘူးလို့ RFA ကို ထုတ်ဖော်ပြောဆိုလာကြတာပါ။
ဒါပေမဲ့ PPST အနေနဲ့ ရွေးကောက်ခံအစိုးရကို အင်အားသုံးဖြုတ်ချပြီး အာဏာသိမ်းထားတဲ့စစ်တပ်နဲ့ ငြိမ်းချမ်းရေးမဆွေးနွေးဘူးဆိုတဲ့ သဘောထား ရပ်တည်ချက်ကိုတော့ မပြောင်းလဲသေးဘူးလို့ PPST ခေါင်းဆောင်တွေက ပြောပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ စိတ်ကူးမယဉ်ကြဖို့ ဒီနေ့ NCA ခြောက်နှစ်ပြည့် နှစ်ပတ်လည် ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။
"အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် လက်ရှိအစိုးရအား ရွေးကောက်ခံအစိုးရ မဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန်မလိုဟူသည့် အယူအဆများ၊ ငြိမ်းချမ်းရေးအား အပြည့်အ၀ ဖော်ဆောင်ပေးနိုင်မည်မဟုတ်ဆိုသည့် အယူအဆများအပေါ် စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ ကျကျ သုံးသပ်ရန်လိုပါတယ်"
ဒီနေ့အခမ်းအနားကို NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(MNSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ တိုးတက်သောဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNLA-PC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်အစည်းအရုံး(ABSDF) တို့ တက်ရောက်ခဲ့ပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကတော့ မတက်ရောက်ခဲ့ပါဘူး။
အာဏာသိမ်းစစ်တပ်ကလုပ်တဲ့ ငြိမ်းချမ်းရေးအခမ်းအနားမို့ မတက်ရောက်ခဲ့တာဖြစ်ပေမယ့် စေ့စပ် ဆွေးနွေးရေး နည်းလမ်းကို မပစ်ပယ်ဘူးလို့ KNU ဗဟိုနိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက RFA ကိုပြောပါတယ်။
"လာမယ့်တွေ့ဆုံဆွေးနွေးပွဲတွေက ကျွန်တော်တို့ ငြင်းလို့မရဘူးဆိုပေမယ့်လို့ ဒီတွေ့ဆုံဆွေးနွေးပွဲတွေဟာ အရင်ဖြစ်ခဲ့တဲ့ ပုံစံမျိုးနဲ့ ဘယ်လိုမှ ကျွန်တော်တို့ မလုပ်နိုင်ဘူး။ အဲလိုလုပ်ရင် ကျွန်တော်တို့ ထောင်ချောက် ထဲကို လုံးလုံးလျားလျားကြီး ခုန်ချသလို ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့ရခဲ့တဲ့ အတွေ့အကြုံတွေက နည်းနည်းနောနော ရခဲ့တဲ့အတွေ့အကြုံတွေမှ မဟုတ်ဘဲ။ ဒါမျိုးတွေ နှစ်ခါ အဖြစ်မခံနိုင်တော့ဘူး။ မှန်တယ်၊ PPST ဟာ တွေ့ဆုံဆွေးနွေးပွဲ လိုလားတယ်ဆိုပေမယ့် ကျွန်တော်တို့ဖြစ်စေချင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲပုံစံဟာ အရင်ကလိုပုံစံနဲ့ လုံးဝမဖြစ်ရတော့ဘူး"
စေ့စပ်ဆွေးနွေးနိုင်တဲ့ အခြေအနေရောက်ဖို့ဆိုရင် စစ်တပ်အနေနဲ့ လက်ရှိဖမ်းဆီးထားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့၊ စစ်တပ်ဟာ နိုင်ငံရေးကနေ အပြီးတိုင် နုတ်ထွက်တယ်ဆိုတာကြေညာဖို့ စတဲ့ အခြေခံအချက်တွေ လိုအပ်တယ်လို့ သူကပြောပါတယ်။
စေ့စပ်ဆွေးနွေးပွဲတွေ ဖြစ်လာခဲ့ရင်လည်း ဒါဟာ အစဉ်အလာအရ ပြည်တွင်းဖြစ် ဆွေးနွေးပွဲပုံစံ မဟုတ်ဘဲ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေမဖြစ်မနေ ပါဝင်ရမယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။
မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေးကလည်း နှစ်ပေါင်းများစွာ တိုက်ခိုက် လာခဲ့တဲ့ အတွေ့အကြုံတွေအရ စစ်ရေးနည်းလမ်းဟာ လူထုကို အထိနာစေတာဖြစ်လို့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ရွေးချယ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ ဒီကနေ့ အကျပ်အတည်းက တော်တော်လေး ဖြေရှင်းရခက်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေအရ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှပဲ နောက်ဆုံးပြေလည်နိုင်မယ့် အခြေအနေ ရှိတယ်"
အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်တပ်အပါအဝင် ပါဝင်သင့်၊ ပါဝင်ထိုက်သူတွေ စုံစုံလင်လင် ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်လာဖို့ NCA လက်မှတ်ထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကြိုးပမ်းနေပေမယ့် လက်တလောမှာတော့ ဖြစ်နိုင်ခြေ နည်းနေသေးတယ်လို့ နိုင်အောင်မငေးက ပြောပါတယ်။
"PPST ရဲ့ ဒီကနေ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့ လူထုနဲ့ တော်လှန်ရေး အင်အားစုတွေက ဘယ်လိုမှလက်ခံနိုင်စရာအကြောင်း မရှိပါဘူး"
PPST က အခု စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို ရွေးချယ်လိုက်တာဟာ လက်ရှိ နိုင်ငံရေးအခြေအနေ၊ လူထုလိုလားချက်တွေနဲ့ ကိုက်ညီမှုမရှိသလို စစ်တပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ အချိန်ဆွဲပေးရာရောက်တယ်လို့ နိုင်ငံရေး အကဲခတ်တစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်က ဝေဖန်ပါတယ်။
"လက်တွေ့အဓိပ္ပာယ်အရကတော့ စစ်ကောင်စီအလိုကျ အချိန်ဆွဲပေးနေတာ။ စစ်ကောင်စီဟာ ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်နေတာ ခုနစ်လရှိပြီ။ ဒီအောက်မှာ ငြိမ်းချမ်းရေးစကား ပြောနေတာ ကိုက စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်ပေးပြီးတော့ ခုခံကာကွယ်နေတဲ့သဘော သက်ရောက် နေတာပေါ့။ ဒါကြောင့် PPST ရဲ့ ဒီကနေ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့ လူထုနဲ့ တော်လှန်ရေး အင်အားစုတွေက ဘယ်လိုမှလက်ခံနိုင်စရာအကြောင်း မရှိပါဘူး"
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူထုခုခံစစ်ပွဲမှာ အရပ်သား ကာကွယ်ရေးတပ်တွေနဲ့အတူ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်တာမျိုးမလုပ်ဘဲ စေ့စပ်ဆွေးနွေးဖို့ကြိုးစားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးရလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှာ စစ်တပ်ဟာ နှစ်နှစ်ကျော် အာဏာယူထားမှာဖြစ်ပြီး အဲဒီနောက် မှာတော့ ရွေးကောက်ပွဲတစ်ရပ်ကျင်းပကာ အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ ကတိပြုထားပါတယ်။
တစ်ဘက်မှာလည်း စစ်တပ်က ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်းကြေညာပြီး အချိုးကျ ကိုယ်စားပြု PR စနစ်ကို ကျင့်သုံးကာ ရွေးကောက်ပွဲတစ်ရပ်ကျင်းပဖို့ ကြိုးပမ်းနေပါတယ်။
ပြည်သူတွေကတော့ စစ်တပ်ရဲ့ကတိကဝတ်တွေအပေါ် အယုံအကြည်မရှိဘူးလို့ ဝေဖန်ပြောဆိုနေကြပါတယ်။