အမေရိကန်နိုင်ငံက စစ်ကောင်စီလက်အောက်ခံ ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူလိုက်တဲ့ နောက်ပိုင်းမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၉၂၀-၂၉၂၂ ကျပ်နှုန်းနဲ့ AD လိုင်စင်ရ ဘဏ်တွေကို ရောင်းဝယ် ပေးခဲ့တယ်လို့ ဗဟိုဘဏ်က ဇွန်လ ၂၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၃၀၀၀ ကျော်အထိ မြင့်တက်နေချိန်မှာ ဗဟိုဘဏ်က တစ်ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ် ထားခဲ့ပေမယ့် ၂၉၀၀ ကျော်နဲ့ ရောင်းဝယ်မှုကို ပထမဆုံးအကြိမ် တွေ့လာရတာပါ။
ဒီနှုန်းထားနဲ့ AD လိုင်စင်ရ ဘဏ် ခြောက်ခုကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၆ သန်း အရောင်းအဝယ် လုပ်ခဲ့တယ်လို့ ဗဟိုဘဏ်က ဖော်ပြထားပြီး ဘဏ်နာမည်တွေကိုတော့ မဖော်ပြထားပါဘူး။
ဇွန်လ ၂၁ ရက်နေ့ကတော့ နိုင်ငံခြားငွေကြေးရောင်းဝယ်ရာမှာ ဘဏ်နဲ့ သုံးစွဲသူတွေအကြား၊ သုံးစွဲသူ အချင်းချင်းအကြား အရောင်းအဝယ်တွေကို အွန်လိုင်းက တစ်ဆင့် ဗဟိုဘဏ်ကို တင်ပြရောင်းဝယ်ရမယ်လို့ ဗဟိုဘဏ်က ညွှန်ကြားပြီးနောက် အခုလို လုပ်ဆောင်လာတာပါ။
အဓိကနိုင်ငံခြားငွေဖြစ်တဲ့ ကန်ဒေါ်လာဈေးကွက်မှာတော့ လတ်တလော အရောင်းအဝယ် ပိတ်ထားကြတယ်လို့ ရန်ကုန်မြို့က နိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
"လောလောဆယ်ကတော့ စောင့်ကြည့်နေတုန်းပဲ။ ငွေလွှဲ ငွေယူက တော်တော် ခက်သွားတယ်။ အခုက ဒေါ်လာ ဈေးကို မဖွင့်တာ။ ဒေါ်လာကို ခဏတော့ ကိုင်ထားကြတယ်"
နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်းတွေကလည်း အမေရိကန်ဒေါ်လာဈေးကို လက်ရှိမှာ မပြောပြနိုင်သလို ရောင်းဝယ်ဖို့ မရှိဘူးလို့ RFA ကို ပြောပါတယ်။
အမေရိကန်အစိုးရက စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ဇွန်လ ၂၁ ရက်နေ့မှာ ပိတ်ဆို့အရေးယူပြီးနောက် အခုလိုအခြေအနေတွေ ဖြစ်ပေါ်လာတာပါ။
အဲဒီမတိုင်ခင် ဇွန်လ ၂၀ ရက်နေ့က အမေရိကန်တစ်ဒေါ်လာဈေးနှုန်းဟာ ၂၉၆၀ ကျပ်ဝန်းကျင် ရှိခဲ့ရာကနေ အခု ဇွန်လ ၂၃ ရက်နေ့မှာတော့ ၃၀၆၀ ကျပ် ဝန်းကျင်ကို ရောက်ရှိနေပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အမေရိကန်က သူတို့ကို နိုင်ငံရေး စီးပွားရေအရ အကျပ်အတည်းဖြစ်အောင်လုပ်နေတာလို့ ဇွန်လ ၂၀ ရက်နေ့က စစ်ကောင်စီပိုင် မီဒီယာတွေကနေ တစ်ဆင့် ပြောဆိုပါတယ်။
နောက်ပြီး ဒီလိုဘဏ်တွေကို ယခင် စစ်အစိုးရတွေလက်ထက်မှာလည်း ပိတ်ဆို့ဒဏ်ခတ် ခံရဖူးတာကြောင့် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ FATF ကနေ မြန်မာနိုင်ငံကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က အမည်ပျက်စာရင်း သွင်းတာခံခဲ့ရပြီး စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကတော့စိုးရိမ်စရာ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၁၃၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာကနေ အာဏာသိမ်းပြီး နောက်မှာတော့ ကျပ် ၃၀၀၀ ကျော်အထိ ရောက်ရှိနေတာပါ။