တိုက်ပွဲကြောင့် ချောင်းသာက ဒေသခံတွေ နေရပ်စွန့်ခွာ

RFA Burmese
2025.01.22
တိုက်ပွဲကြောင့် ချောင်းသာက ဒေသခံတွေ နေရပ်စွန့်ခွာ ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေတစ်နေရာကို ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ငွေသောင်ယံမြို့အနီးမှာဖြစ်နေတဲ့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် ချောင်းသာကမ်းခြေနဲ့ မြို့ပေါ်မှာနေထိုင်သူ အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးကြတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ ပြောပါတယ်။

ချောင်းသာမြို့မှာ အိမ်ထောင်စု ခြောက်ထောင်ခန့်ရှိပြီး လက်ရှိအချိန်မှာ အိမ်ထောင်စု နှစ်ထောင်ခန့်သာ ကျန်ရှိတော့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ချောင်းသာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ချောင်းသာ ဒေသခံတွေကတော့ ပြေးကြတာပေါ့။ ကြောက်ပြီးတော့လေ။ ပိုက်ဆံရှိတဲ့လူတွေ၊ ကုန်ခြောက်ဆိုင်တွေ၊ ဟိုတယ်တွေ အကုန်ပိတ်ပြီးတော့ ပြေးကြတာပေါ့။ သုံးပုံနှစ်ပုံလောက်ထိ ချောင်းသာမှာ မရှိတော့ဘူး”

ချောင်းသာကနေ နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေဟာ ပုသိမ်နဲ့ ရန်ကုန်ကိုလာကြပြီး ရွှေသောင်ယံ၊ ဘောမိနဲ့ မကျီးဇင်ဘက်က ဒေသခံတွေကတော့ သာပေါင်းနဲ့ အနီးဝန်းကျင်ကို တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချို့ကတော့ ငွေရေးကြေးရေးအခက်အခဲကြောင့် မပြောင်းရွှေ့နိုင်ကြဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ကြီး ပစ်ခတ်သံတွေကို ကြားရပေမဲ့ ဇန်နဝါရီ ၂၁ ရက်ကစပြီး ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းသာကမ်းခြေမှာရှိတဲ့ ဟိုတယ်တချို့ကတော့ ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး သက်ဆိုင်ရာက တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးဘူးလို့ ချောင်းသာကမ်းခြေမှာ အလုပ်လုပ်နေတဲ့ ဟိုတယ်ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ပုသိမ်မြို့နယ်၊ မကျီးဇင်ရွာကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၉ ရက်နေ့က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အခုချိန်မှာ ဘောမိနဲ့ အနီးအနားရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော် (AA) ကလည်း ရခိုင်-ဧရာဝတီတိုင်း အစပ်နေရာတချို့နဲ့ ဧရာဝတီတိုင်းထဲက ရေကြည်မြို့နယ်၊ ချင်းစုရွာဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ ဇန်နဝါရီ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။