စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်က ပွဲရပ် ရပ်ကွက်ကို ဧပြီလ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်မီးရှို့ခဲ့ပြီး ဒေသခံတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် နေအိမ်ငါးလုံးပဲ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပစ်ခတ်ခဲ့တာကြောင့် အဲဒီနောက်ပိုင်း ပွဲရပ်အနောက်ပိုင်းက နေရာနှစ်ခုကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခံခဲ့ရတာကြောင့် အရပ်သားနေအိမ်တွေကို မီးရှို့လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“သူတို့ကင်းလှည့်နေတဲ့အချိန်မှာ အပစ်ခံရတော့ အရပ်သားကို မဲတာပေါ့။ ညနေပိုင်း ပွဲရပ်ဘက်ခြမ်းက အိမ်တွေကို မီးရှို့တယ်။ ငါးအိမ်ကတော့ လုံးဝပြာကျသွားတယ်။ နောက်ထပ် အိမ်တွေလည်း မီးစွဲသွားတာတွေလည်း ရှိတယ်”
နေအိမ်တွေကို ဒေသခံတွေကပဲ မီးငြှိမ်းသတ်ခဲ့ရပြီး ညပိုင်းမှာ မီးငြိမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
မီးရှို့ခံရမှုကိစ္စတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar ရဲ့ စာရင်းအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်ကုန်အထိ နိုင်ငံတစ်ဝန်းက နေအိမ် ၇၈,၇၃၇ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။