အစိုးရကတိတွေကို သေချာစိစစ် သင့်တယ်လို့ဆို


2017.05.30
myinttun-pm-620.jpg တန့်ဆည်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း ကို မေလ ၃ဝ ရက်နေ့က ပြည်သူ့လွှတ်တော်မှာတွေ့ရစဉ်
Photo: RFA

သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေအနေနဲ့ လွှတ်တော်မှာ ကတိပေးသွားပြီး အကောင်အထည်ဖော်ရမယ့် လုပ်ငန်းတွေမှာ အကြောင်းပြချက်မခိုင်လုံဘဲ ဆောင်ရွက်ဆဲလို့ ဖော်ပြထားတာကြောင့် လွှတ်တော် ကတိ ကဝတ်ကော်မတီအနေနဲ့ သေချာစိစစ်သင့်ကြောင်း တန့်ဆည်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း က ပြောပါတယ်။

ပြည်သူ့လွှတ်တော်အစိုးရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ ဆွေးနွေးရာမှာ ဦးမြင့်ထွန်း က အဲဒီလိုပြောတာပါ။

"အကြောင်းပြချက် မခိုင်လုံပဲနဲ့ ဘာမှမလုပ်ပဲနဲ့ ဆောင်ရွက်ဆဲလို့ ဖော်ပြထားတာကိုလည်း ဘာကြောင့်ဆောင်ရွက်ဆဲဆိုတာကို ပြန်လည်ကျနော် တို့ အကြောင်းကြားသင့်တယ်လို့ ကျနော်အကြံပြုချင်ပါတယ်"

ဒါ့အပြင် အခုကျင်းပနေတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးအထိ ကတိကဝတ်ဖြစ်ခဲ့ တဲ့ မေးခွန်းလေးရာကျော်မှာ ကိုးဆယ်နီးပါးလောက်ပဲ အကောင်အတည်ဖော်နိုင်ခဲ့ကြောင်းနဲ့ အစိုးရအဖွဲ့အစည်း အသီးသီးက တာဝန်ယူဖြေရှင်းနိုင်တဲ့ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးတွေကို ကော်မတီထံ ဖိတ်ကြား ပြီး ဆွေးနွေးသင့်ကြောင်းလည်း အကြံပြုဆွေးနွေးသွားပါတယ်။

မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း လွှတ်တော်မှာ မေးခွန်းတွေကို လာရောက်ဖြေဆိုရာမှာ တိုက်ရိုက်မသက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေက ဖြေနေလို့ ကတိမဖြစ်တာကြောင့် သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေသာ လာရောက်ဖြေဆိုသင့်တယ်လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော် အစိုးရဲ့အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များစိစစ်ရေးကော်မတီဟာ လွှတ်တော်မှာ ဝန်ကြီးဌာနတွေက လာရောက်ဖြေဆိုပြီး ကတိဖြစ်သွားတဲ့ မေးခွန်းနဲ့အဆိုတွေကို အကောင်အထည်ဖော် လုပ်ဆောင်ခြင်းရှိ မရှိ စိစစ်ရတာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အစိုးရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြေပုံမဲဆန္ဒနယ်က ဦးဖေသန်းနဲ့ တန့်ဆည်မဲဆန္ဒနယ်က ဦးမြင့်ထွန်း တို့က ဆွေးနွေးပြီး ကန့်ကွက်တဲ့သူမရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။