မြန်မာစစ်တပ် ကလေးစစ်သား သုံးနေဆဲလို့ အမေရိကန် ဝန်ကြီး ပြောဆို

အမေရိကန်အစိုးရအနေနဲ့ ကလေးစစ်သားအသုံးပြုတဲ့ နိုင်ငံ ၉ နိုင်ငံစာရင်းထဲကနေ ၆ နိုင်ငံကို အရေးယူ မှုတွေ လျှော့ပေါ့ပေးခဲ့ပေမဲ့၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ သုံးနိုင်ငံကိုတော့ ဆက်လက်ထည့်သွင်း ထားဆဲ ဖြစ်ပါတယ်။

ယီမင်၊ ရဝမ်ဒါ၊ ဆိုမာလီယာ၊ ဗဟိုအာဖရိက၊ ကွန်ဂို၊ တောင်ဆူဒန်နိုင်ငံတွေကို အရေးယူမှုတွေ လျော့ပေါ့ပေး ခဲ့တဲ့အပြင် အကူအညီတွေပါ ထောက်ပံ့ပေးခဲ့ပါတယ်။

ယီမင်နိုင်ငံ စစ်တပ်အတွက် ကူညီငွေ ဒေါ်လာ ၂၆ သန်းပေးခဲ့ပြီး တခြားငါးနိုင်ငံကိုလည်း စစ်တပ်ဆိုင်ရာ ကူညီငွေတွေထောက်ပံ့ခဲ့တဲ့အပြင်၊ ပိတ်ဆို့မှုတွေကိုလည်း လျှော့ပေါ့ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာ၊ ဆူဒန်နဲ့ ဆီးရီးယားနိုင်ငံတွေကိုတော့ ကလေးစစ်သားအသုံးပြုနေတဲ့ စာရင်းထဲမှာ ဆက်လက် ထားရှိထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရဘက်ရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်မှာပါ ကလေးစစ်သားတွေ ရှိနေဆဲဖြစ်တယ်လို့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မိုက်ကယ်ကိုဇက်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကလေးစစ်သားကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ သတင်းကောင်းရော သတင်းဆိုးပါ ရှိနေပါတယ်။ သတင်းကောင်းက မြန်မာစစ်တပ်ရဲ့ ကလေးစစ်သားတွေ ပြန်လွှတ်ပေးတဲ့ကိစ္စပါ၊ ဒီအတွက်ချီကျူးရမှာပါ၊ ဒါပေမဲ့ သတင်းဆိုးအနေနဲ့ မြန်မာစစ်တပ်ဟာ ကလေးစစ်သားတွေ ဆက်လက်စုဆောင်းနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် အခြေအနေတွေ တိုးတက်လာပြီလို့ မဆိုနိုင်ဘဲဖြစ်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ လုံးဝပြီးဆုံးရပ်တန့်သွားအောင် လုပ်ကိုင်ဆောင်ရွက်ရမယ့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်ပါတယ်။ အဲဒီပဋိပက္ခတွေဟာ တိုင်းပြည် ဆက်လက်ရှင်သန် ရပ်တည်ရေးအတွက် ရုန်ကန်တိုက်ပွဲဝင်နေရတဲ့ ပဋိပက္ခမျိုးတွေ မဟုတ်ပါဘူးလို့လည်း အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုက်ကယ်ကိုဇက်က ပြောကြားခဲ့ပါတယ်။