ဆင်းရဲခြင်းကြောင့် အန္တရာယ်ရှိတဲ့လုပ်ငန်းမှာ ကလေးလုပ်သားလုပ်နေရ
2023.07.02
မိသားစုကို အထောက်အပံ့ပေးဖို့ မြန်မာနိုင်ငံက ကလေးတွေ အလုပ်လုပ်ကိုင်နေကြရပြီး အန္တရာယ်မကင်းတဲ့ လုပ်ငန်းခွင်မှာ လုပ်ကြရတယ်လို့ အစီရင်ခံသစ်တစ်စောင်မှာ ဖော်ပြပါတယ်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်က လုပ်ငန်းခွင်ဝင် ကလေး ၇၀ ရာခိုင်နှုန်းကျော်ကို ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ ARC အာရှဒေသ ကလေးလုပ်သား စီမံချက်က မေးမြန်းခဲ့ပြီး ဆန်းစစ်ချက်ထုတ်ပြန်တာပါ။
COVID-19 ကပ်ရောဂါကြောင့် ကျောင်းတွေ ပိတ်ရတာနဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့်လည်း ကလေးတွေ အလုပ်လုပ်ကိုင်ဖို့တွန်းပို့တယ်လို့ ဖော်ပြပါတယ်။
ကျောင်းတွေပြန်ဖွင့်ပေမဲ့ ပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်တဲ့အတွက် လုံခြုံရေးစိုးရိမ်ရတာမို့ ကလေးတွေကျောင်းပြန်မတက်ကြဘူးလို့လည်း ဆန်းစစ်ချက်မှာ ပါရှိပါတယ်။
ဒီဒေသသုံးခုက မေးမြန်းခဲ့တဲ့ ကလေးသုံးပုံ တပုံဟာ အိမ်တွင်းမှာလုပ်ကိုင်ကြပြီး ကျန်သူတွေက စိုက်ပျိုးရေး၊ ထုတ်လုပ်ရေး၊ လက်လီလက်ကား ရောင်းဝယ်ရေးတွေမှာ လုပ်ကိုင်ကြပါတယ်။
ကလေးအတော်များများဟာ အလုပ်ချိန်များများ၊ လုပ်ခနည်းနည်းနဲ့ လုပ်ကိုင်ရတယ်လို့ ဖော်ပြပါတယ်။
ကလေးတွေဟာ ဘေးအန္တရာယ်ကြီးမားတဲ့ အလုပ်တွေမှာ လုပ်ရတာလည်းတွေ့ရတယ်ဆိုပါတယ်။
မေးမြန်းခဲ့တဲ့ ကလေး ၉၀ ရာခိုင်နှုန်း နီးနီး ဆောက်လုပ်ရေးကဏ္ဍမှာ အလေးအပင်သယ်ယူရပြီး ၈၀ ရာခိုင်နှုန်းကတော့ နေပူထဲမှာ နားချိန်မရှိဘဲ အချိန်အကြာကြီးလုပ်ရတယ်လို့ ပြောပါတယ်။
အလုပ်လုပ်ရင်း မတော်တဆဖြစ်မှုတွေ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတဲ့အကြောင်း ကလေးတွေက ပြောပါတယ်။
အနည်းအကျဉ်းထိခိုက်ဒဏ်ရာရမှုက အများဆုံးဖြစ်ပြီး အဲနောက်မှာ ပွန်းပဲ့၊ အဖုထွက်၊ ဖူးရောင်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။