ရခိုင်ဟာ ကလေးသူငယ်အခွင့်အရေး ဆုံးရှုံးမှုနဲ့ သေဆုံးမှုအများဆုံး ပြည်နယ်ဖြစ်

2020-12-16
Share

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ဟာ ပြည်တွင်းစစ်ကြောင့် ကလေးတွေ ထိခိုက်သေဆုံးမှုအများဆုံး ဖြစ်နေပြီး မြန်မာနိုင်ငံမှာပြဌာန်းထားတဲ့ ကလေးသူငယ် အခွင့်အရေးဥပဒေထဲက ရပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်လို့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုနေကြပါတယ်။

မြေမြှိုပ်မိုင်းနဲ့ စစ်ကျန်မပေါက်ကွဲသေးတဲ့ လက်နက်ပစ္စည်းတွေကြောင့် အသက်ဆုံးရှုံးရတဲ့ သူတွေထဲက ၃၅ ရာခိုင်နှုန်းဟာ ကလေးငယ်တွေဖြစ်ပါတယ်။ အဲဒီထဲမှာမှ ရခိုင်ပြည်နယ်က ကလေးတွေသေဆုံးမှုက ၄၇ ရာခိုင်နှုန်းရှိတဲ့အတွက် တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးတဲ့ ကလေး ၁၅ ယောက်ရှိပြီး အဲဒီထဲက ၁၃ ယောက်က ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ ယူနီဆက် အစီရင်ခံစာမှာဖော်ပြပါတယ်။

ဒဏ်ရာရတဲ့ ကလေးက တစ်နိုင်ငံလုံးမှာ ၅၉ ယောက်ရှိပြီး ၃၄ ယောက်က ရခိုင်ပြည်နယ်ဖြစ်တယ်လို့ (UNICEF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ အသက်ရှင်သန်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ ကာကွယ်စောင့်ရှောက်မှုရရှိဖို့နဲ့ လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ခွင့်ရရှိဖို့ စတဲ့ အခွင့်အရေးတွေရှိပေမယ့် ရခိုင်ပြည်နယ်က ကလေးငယ်တွေ ဒီဥပဒေပါ ရပိုင်ခွင့်တွေကို မရကြပါဘူး။

အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာအုပ်စုဟာ ချောင်းတစ်လျှောက် ရွာပေါင်း ၄၀ ကျော်ရှိပြီး တပ်မတော်က ကုန်းလမ်းရေလမ်းတွေ ပိတ်ဆို့ထားတာ တစ်နှစ်နီးပါးလောက် ရှိပါပြီ။

ဒါကြောင့် ရွာတွေမှာ ဆန်မလုံလောက်လို့ ထမင်းဝဝလင်လင်မစားရတဲ့ အခြေအနေရှိပြီး ဒီဒဏ်ကို ကလေးငယ်တွေလည်း လူကြီးတွေ နီးတူခံစား နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒလက်ချောင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သမီးတို့နေရာက အစကတည်းက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ပတ်သက်ပြီး အများကြီး နိမ့်ကျတဲ့နေရာပေါ့။ အဲလိုမျိုးနေရာမှာ စစ်ပွဲတွေက လာဖြစ်တယ်ဆိုတော့ ကျန်းမာရေးဝန်ထမ်းက ပိုပြီးတော့ နည်းတာပေါ့၊ တာဝန်ကျတဲ့နေရာ မလာနိုင်တာတွေရှိတဲ့အခါမှာ များသောအားဖြင့် မလိုအပ်ဘဲ အသက်တွေ ပေးရတာ မြင်နေရတာပေါ့။ ကလေးတွေအနေနဲ့လည်း အဟာရပြည့်ဝဖို့ အများကြီးလိုတာပေါ့။ ထမင်းကြမ်းခဲကို ကိုက်စားမယ်ဆိုတဲ့အချိန်မှာ ဆန်ကိုလည်း လုံလုံလောက်လောက် သွင်းခွင့်မရတဲ့အခြေအနေမှာ သူတို့အနေနဲ့ ထမင်းကို ဝအောင်မစားရတဲ့ အခြေအနေရှိတာပေါ့”

တိုက်ပွဲတွေကြားက ကလေးငယ်တွေဟာ စားသောက်ရေး ခက်ခဲရတဲ့အပြင် ကျန်းမာရေးချို့တဲ့တဲ့ အခြေအနေနဲ့လည်း ကြုံတွေ့နေရတယ်လို့ ပြောပြကြပါတယ်။

ရသေ့တောင်၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေက အစိုးရလက်လှမ်းမမီတဲ့ ရွာတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ရခိုင်လူထု ကျန်းမာရေး လုပ်သားအဖွဲ့ ဒါရိုက်တာ ခိုင်မျိုးစံက တိုက်ပွဲတွေကြောင့် ကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတယ်လို့ ပြောပါတယ်။

“ကျန်းမာရေးအရဆိုလို့ရှိရင် ပုံမှန်လူတစ်ယောက်လိုမျိုး အခြေအနေတော့ မဟုတ်ဘူး။ အဟာရချို့တဲ့တဲ့ အပိုင်းမှာတွေ့ရတယ်။ Camp တော်တော်များများမှာရှိတဲ့ ကလေးတွေ အဖြစ်များတာကတော့ အသက်ရှုလမ်းကြောင်းဆိုင်းရာ အမိုးနီယားလို့ ကျွန်တော်တို့ သတ်မှတ်တယ်။ ကလေးတွေ အပါအဝင် တချို့လူကြီးတွေတောင်မှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ တွေ့ရတယ်။ ဘာကြောင့်အဲဒီလိုပြောနိုင်လဲဆိုတော့ လက်နက်ကြီးအသံတွေ၊ အသံပြင်းတာတွေ တစ်ခုခုကြားရင် ကြောက်လန့်တာတွေ ကျွန်တော်တို့ တွေ့ရတယ်”

ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ခိုင်မျိုးအောင်ကလည်း အလားတူအခြေအနေကို ပြောပြပါတယ်။

“တချို့ကလေးငယ်တွေဆိုရင် စစ်ပွဲတွေကြောင့် အသက်ဆုံးရှုံးသွားတဲ့ ကလေးတွေလည်း တော်တော်ပါတယ်ဆိုတော့ ကောင်းတဲ့စစ်ပွဲဆိုတာ မရှိပါဘူး။ စစ်ပွဲတွေကို အမြန်ဆုံး အဆုံးသတ်စေချင်တယ်။ ကလေးဆိုတာ ကျွန်တော်တို့ တိုင်းပြည်အတွက်၊ လူမျိုးအတွက် ခေါင်းဆောင်ကောင်းတွေဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဆိုတော့ သူတို့လေးတွေ လွတ်လွတ်လပ်လပ် ပညာသင်ရမယ့်အချိန်၊ ကိုယ့်ဇာတိမြေမှာ ကိုယ်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းရမယ့် အချိန်မှာ အခုလို စစ်ရှောင်စခန်းမှာ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့နဲ့ နေနေရတာတော့ စိတ်မကောင်းပါဘူး။ သူတို့တွေ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်နေတာ ကျွန်တော်တို့ တွေ့ရပါတယ်”

စစ်ဘေးဒုက္ခသည်စခန်းတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ အစိုးရက ဆန်၊ ဆီ၊ ပဲ စတာတွေ ထောက်ပံ့နေပေမယ့် ဗီတာမင်နဲ့ အဟာရကြွယ်ဝတဲ့ အစားအစာတွေ လုံလောက်အောင် မရကြဘူး ဆိုပါတယ်။

ကလေးတွေဟာ ဗုံးသံ၊ အမြှောက်သံ၊ သေနတ်သံတွေကြောင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ထိတ်လန့်မှုတွေ ခံစားရသလို၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်းရှိတယ်လို့ ရခိုင်မျိုးနွယ်စုများအစည်းအရုံး REC ရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“ရခိုင်က တိုက်ပွဲတွေကို ကြည့်လိုက်တဲ့အခါမှာ တိုက်ပွဲတွေဟာ ရပ်ရွာလူထုနဲ့ အရမ်းကို နီးကပ်တယ်၊ ကျေးရွာကို အဝေးကနေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်။ နောက် မြေမြှုပ်မိုင်းတွေဆိုရင်လည်း ကျေးရွာသူ၊ ကျေးရွာသားတွေ လုပ်ကိုင်စားသောက်နေတဲ့ ကျေးရွာနားအထိကို ရောက်လာတာတွေရှိတယ်။ ကလေးတွေရဲ့ သဘာဝက အိမ်တွင်းမှာပဲ နေကြတာဟုတ်ဘူး။ ကလေးဆိုတာ အပြင်ကိုသွားကြမယ်၊ ဆော့ကြမယ်၊ မိဘတွေဆိုတာလည်း မျက်စိတစ်ဆုံး ကြည့်နိုင်တာ မဟုတ်ဘူး။ တိုက်ပွဲတွေကြားမှာ ကျန်နေခဲ့တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရယ်၊ မိုင်းတွေ ထိခိုက်တာပေါ့နော်၊ နောက်တစ်ခါ တိုက်ပွဲတွေကနေ လွှင့်စင်လာတဲ့ ကျည်တွေပေါ့၊ ဒါတွေနဲ့ ထိခိုက်ပြီး သေဆုံးရတာ များပါတယ်”

ရခိုင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေမှာ ၄၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၁၈ နှစ်အောက် ကလေးတွေဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ရဲ့ ကနဦး ရှေ့ပြေးစာရင်းအရ သိရပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး အပြည်အဝမရသေးသလို အဲဒီထဲမှာ ရခိုင်ဒေသက ကလေးတွေက အခွင့်အရေးအဆုံးရှုံးဆုံးဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ညီမျှခြင်းမြန်မာရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

“ပိုမိုဆိုးဝါးတာကတော့ ရခိုင်ဒေသက ကလေးငယ်တွေ၊ တိုက်ပွဲတွေအတွင်းမှာ ရှိနေတဲ့ ကလေးတွေ၊ ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေတဲ့ ကလေးတွေက ပိုဆိုးပါတယ်။ အသက်ရှင်ခွင့်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ စစ်ပွဲအတွင်းမှာ သေဆုံးမှုမြင့်တက်လာတာ လူတိုင်းသိမှာပါ။ ယူနီဆက်ရဲ့ အစီရင်ခံစာအရဆိုရင် ကလေးတွေရဲ့ သေဆုံးမှုဟာ အရမ်းမြင့်တက်လာတယ်။ ဖွံ့ဖြိုးခွင့်ဆိုင်ရာအခွင့်အရေးနဲ့ ပြောမယ်ဆိုရင်လည်း ကလေးတိုင်းက ရှင်သန်ဖို့အတွက် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ ရရှိဖို့လိုအပ်ပါတယ်။ အခုစစ်ပွဲတွင်းမှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ပင်ကိုယ်ဖွံ့ဖြိုးတိုး တက်မှုအတွက် လုံလောက်တဲ့ အဟာရတွေ မရရှိတဲ့ကိစ္စ၊ ဒါက ဆိုးဝါးပါတယ်။ ကလေးသေဆုံမှုတွေရှိလာတယ်၊ လုံလောက်တဲ့ အဟာရတွေ ဖြည့်ဆည်းမှုတွေ အားနည်းတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုမှာလည်း အရမ်းဆိုးဝါးပါတယ်”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ ကလေးသူငယ်တွေအတွက်ပဲ မဟုတ်ဘဲ ပြည်သူလူထုနဲ့ ပတ်သက်ပြီး ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အလေးထားတယ်လို့ နိုဝင်ဘာလ ၂၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

“တပ်မတော်အနေနဲ့ ရှေ့တန်းစစ်ဆင်ရေးမှာပဲဖြစ်ဖြစ်၊ လုံခြုံရေးဆောင်ရွက်တဲ့အခါမှာဖြစ်ဖြစ်၊ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းတွေအတိုင်း ဆောင်ရွက်လျှက်ရှိပါတယ်။ တိုက်ပွဲတွေဖြစ်လာတဲ့အခါ ဒါဘေးထွက်အကျိုးသက်ရောက်မှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ကလေးသူငယ်မှ မဟုတ်ဘူး ပြည်သူလူထုနဲ့ ပတ်သက်လာပြီးရင် တိုက်ပွဲတွေကြားမှာ ထိခိုက်မှုအနည်းဆုံး စစ်ဆင်ရေး၊ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းတွေအတိုင်း ဆောင်ရွက်ရေး ဒါတွေကို အလေးထား ဆောင်ရွက်လျှက်ရှိပါတယ်”

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ဟာ အခုလို ကလေးသူငယ်အခွင့်အရေး ဆုံးရှုံးမှုတွေကို အစိုးရအနေနဲ့ ဘာတွေစီစဉ်ဆောင်ရွက်ဖို့ရှိလဲ ဆိုတာနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မေးထားပေမယ့် ပြန်မဖြေသေးပါဘူး။

ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းကတော့ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်တွေကို အကာအကွယ်ပေးနိုင်ရေး၊ တိုင်ကြားသတင်းပေးနိုင်ရေး ဆောင်ရွက်နိုင်အောင် စီစဉ်နေတယ်လို့ ပြောပါတယ်။

“လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်တွေအပေါ် သေကြေထိခိုက်ဒဏ်ရာရစေမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အတည်ပြုထားပြီးပြီ၊ ရေးဆွဲထားပြီးပြီပေါ့နော်၊ အဲဒီထဲမှာမှ ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် တိုင်ကြားဖို့အတွက် ယန္တရားတစ်ခုပေါ့ အဲဒီအထဲမှာ ထည့်ထားတယ်။ လူကိုယ်တိုင်လည်း တိုင်လို့ရမယ်၊ စာတိုက်၊ အီးမေးလ်တို့ကလည်း တိုင်လို့ရမယ်။ နောက်ဖွင့်ပေးမယ် Hot Line ပေါ့နော် အဲဒီကနေလည်း တိုင်ကြားလို့ရအောင် ရေးထားတယ်။ တိုင်ကြားတဲ့ ယန္တရားက အထက်ဌာနကို တင်ပြဆဲရှိသေးတယ်”

ကလေးတွေ အခုလို ထိခိုက်နေတာကို ကာကွယ်ဖို့ဆိုရင် စစ်မှန်တဲ့ဆွေးနွေးပွဲတွေနဲ့ ရေရှည်အပစ်အခတ်ရပ်ရေး လိုအပ်တယ်လို့ AA ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကို ဥပဒေနဲ့အညီ ဘက်ပေါင်းစုံက ကာကွယ်စောင့်ရှောက်နိုင်ဖို့ ၁၉၉၃ ခုနှစ်မှာ ကလေးသူငယ်ဥပဒေကို အသစ်ပြန်လည်ရေးဆွဲပြီး ၂၆ နှစ်အကြာ၊ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို သမ္မတ လက်မှတ်ထိုးပြီး အတည်ပြုပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂမှာပြဌာန်းထားတဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းကို ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့