သန်းခေါင်စာရင်း ကောက်ယူမှု ချင်းလက်နက်ကိုင်အဖွဲ့တွေ တားမြစ်

RFA Burmese
2024.09.30
သန်းခေါင်စာရင်း ကောက်ယူမှု ချင်းလက်နက်ကိုင်အဖွဲ့တွေ တားမြစ် ချင်းပြည်နယ် မတူပီမြို့ကို သိမ်းပိုက်ပြီးနောက် ချင်းညီနောင်တပ်ဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ်။
ချင်းညီနောင်အဖွဲ့

ချင်းပြည်နယ်အတွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ချင်းညီနောင် စစ်ရေးလှုပ်ရှားရာ ဒေသတွေမှာ သန်းခေါင်စာရင်း ကောက်ယူမှုကို တားမြစ်ပြီး ပူးပေါင်းပါဝင်သူတွေကို အရေးယူမယ်လို့ ချင်းလက်နက်ကိုင်အဖွဲ့တွေ စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က စက်တင်ဘာ ၃၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းညီနောင်အဖွဲ့မှာ CDF မင်းတပ်၊ CDF ကန်ပလက်၊ CDF မတူပီ တပ်မဟာ - ၁၊ ဇိုမီဖက်ဒရယ်ယူနီယမ် (ZFU) ၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) နဲ့ မရာဒေသ ကာကွယ်ရေးအဖွဲ့ (MDF) တို့ ပါဝင်ပါတယ်။

ပြည်တွင်းစစ်မီးကြောင့် တိုင်းပြည် မတည်မငြိမ်ဖြစ်နေပြီး ပြည်သူတွေဟာ စစ်ဘေး၊ သဘာဝဘေး အန္တရာယ်တွေ ရင်ဆိုင်နေရချိန်မှာ စစ်ကောင်စီဟာ အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့ သန်းခေါင်စာရင်း ကောက်နေတာလို့ ဆိုပါတယ်။

သန်းခေါင်စာရင်း ကောက်ယူမှုဟာ အဓမ္မ စစ်သားစုဆောင်းမှုနဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်စေမဲ့ တခြားကိစ္စတွေမှာပါ အသုံးပြုလာနိုင်တယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။

ဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်တွေကို ကူညီပံ့ပိုးတာ မလုပ်ကြဖိုလည်း တောင်းဆိုထားပါတယ်။

ချင်းပြည်နယ်ထဲက စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ဟားခါးမြို့မှာတော့ သန်းခေါင်စာရင်းကောက်ဖို့ အသိပေးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF ဟားခါး အဖွဲ့ကလည်း သန်းခေါင်စာရင်း ကောက်ယူဖို့ ကူညီပေးတဲ့ဝန်ထမ်းတွေကို တွေ့တဲ့နေရာမှာ ပစ်ခတ်ရှင်းလင်းမယ်လို့ စက်တင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီက ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ နိုင်ငံတစ်ဝန်း ကောက်ယူမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။